www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, September 5, 2014

မျှော်လင့်ချက် ရောင်နီသန်းချိန်


မျှော်လင့်ချက် ရောင်နီသန်းချိန်

ချမ်းမြအောင်

ယခင်တုန်းက မြန်မာ့ ရုပ်မြင်သံကြား တွင် ၈ နာရီ သတင်းပြီးသည့် အခါ ''ငြိမ်းချမ်းရေး ပန်းခင်း'' သီချင်းကို အမြဲလိုလို ထုတ်လွှင့် ပေးခဲ့သည်။ တိုင်းရင်းသား ပေါင်းစုံကို ညီညီ ညွတ်ညွတ် ကြည့်ရသဖြင့် ဝမ်းသာပီတိ ဖြစ်ခဲ့သည်ကား အမှန်ပါ။ ထို တေးသီချင်း ထဲက ''ငြိမ်းချမ်းတဲ့ အခါ သိလိမ့်မယ်'' ဆိုသည့် စာသားမှာ ရင်ကို တိုက်ရိုက် ထိမှန် စေသည်။

တကယ်တော့ ''ငြိမ်းချမ်းတဲ့ အခါ သိလိမ့်မယ်'' ဆိုသည့် အဓိပ္ပာယ်မှာ အမြဲတမ်း ငြိမ်းချမ်း နေသည့် ဒေသများ ၌ကား တန်ဖိုး အနဂ္ဃ မရှိနိုင်ပါ။ သို့သော် မငြိမ်းချမ်းသည့် ကာလဒေသ နှင့် နှိုင်းယှဉ် သိရှိပါမှ တကယ့် အရသာကို ခံစား နိုင်မည် ဖြစ်သည်။ ယခင် ကာလတစ်ခုက ဖြစ်သည်။ ဘွဲ့ရ ခေတ်ပညာတတ် ပုဂ္ဂိုလ်တစ်ဦး က မြန်မာနိုင်ငံကို အခြား နိုင်ငံကြီး တစ်ခုက တိုက်ခိုက် သိမ်းပိုက်လျှင် သိပ်ကောင်းမည် ဆိုသည့် စကားတစ်ခွန်း ပြောကြားသည်။ ကြားရသည့် စကားကြောင့် စာရေးသူ ခေါင်းနပန်း ကြီးသွား သည်။ မုန်းတီးစိတ် တစ်ခုကို ရှေ့တန်းတင်၍ ပြောလိုက်ခြင်း ဖြစ်ကြောင်း နားလည် လိုက်သည်။ ထို့ပြင် ဘွဲ့ရ ပညာတတ် တစ်ဦးသည် အသက်အရွယ် အားဖြင့် ငယ်သေးသည့် နည်းတူ ငြိမ်းချမ်းသော မြို့ကြီး ပြကြီးတွင် မွေးဖွား ကြီးပြင်း လာသူ ဖြစ်သည်။ အကယ်၍သာ သူသည် မငြိမ်းချမ်းသော ဒေသ၌ ကြီးပြင်း၍ အသက်နဲ့ ခန္ဓာကိုယ် အိုးစား မကွဲအောင် ပြေးလွှား နေရသည် ဆိုလျှင် ထိုစကားမျိုး ကို ပြောကြား လိမ့်မည် မဟုတ်ပေ။ အဝတ်တစ်ထည် ကိုယ်တစ်ခု၊ အိုးမဲ့အိမ်မဲ့ ဘဝဖြင့် ပြေးလွှား နေကြသော အပြစ်မဲ့ တိုင်းရင်းသား ပြည်သူတို့၏ အနိဋ္ဌာရုံ မြင်ကွင်းကို သူမြင်ဖူးမည် မဟုတ်ပေ။ စစ်တိုက်သည် ဆိုရာတွင် ရုပ်ရှင် ဇာတ်ကားထဲ မှာသာ ကြည့်၍ ကောင်းသည်။

ပြီးခဲ့သည့် သြဂုတ် ၂၅ ရက်က နိုင်ငံတော် သမ္မတ နှင့် ''ဝ'' အထူးဒေသ (၂)၊ မိုင်းလား အထူးဒေသ (၄) ရှမ်းပြည် တိုးတက်ရေး ပါတီ၊ ရှမ်းပြည် တပ်မတော် အဖွဲ့အစည်း ကိုယ်စားပြု ကိုယ်စားလှယ်များ တွေ့ဆုံ ခဲ့ကြသည်။ ဤသို့ တွေ့ဆုံခဲ့ပြီး ထာဝရ ငြိမ်းချမ်းရေး နှင့် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။ ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင်မှု သည် မကြာသော အချိန် အတွင်းတွင် အောင်မြင်စွာ အဆုံးသတ် တော့မည်ဟု ယုံကြည် ရသည်။ ထို သတင်းမျိုးကို မငြိမ်းချမ်း သည့် ဒေသရှိ တိုင်းရင်းသား ပြည်သူ တို့ထက် မည်သူမျှ ပို၍ ခံစားရမည် မဟုတ်ချေ။ စာရေးသူတို့ တောင်ညို ဘုရားကြီး ကျောင်းတိုက် ဘုန်းတော်ကြီး ကျောင်းသို့ ရောက်ခဲ့စဉ်က ဒေသခံ တစ်ဦးကို တစ်ချိန်က ''မုဆိုးမရွာ'' ဖြစ်ခဲ့သော ရွာအကြောင်း မေးရာ မသိကြောင်း ပြန်ပြောသည်။ ၄င်းရွာတွင် ဗကပ (ဗမာပြည် ကွန်မြူနစ် ပါတီ ) များ လယ်မြေ ခွဲခြမ်းမှု ပေးခဲ့စဉ်က အမျိုးသမီး တစ်ဦးသည် ''လယ်မြေကို မခွဲပေးဘဲ လင်ကိုပဲ ခွဲပေးပါ''ဟု ပြောခဲ့သည့် ရွာဖြစ်သည်။ ၄င်းအကြောင်း ကို ရဲဘော် ဘခက်က ''ဘခက် အကြောင်း'' စာအုပ်ထဲတွင် ရေးသား ခဲ့သည်။ သောင်းကျန်းသူ များ ကြီးစိုးသည့် ကာလတွင် ယောက်ျား မှန်သမျှ အသတ်ခံ ခဲ့ရသော ရွာဖြစ်သည်။ ထို အဖြစ်အပျက် ကို ငြိမ်းချမ်းသည့် ကာလတွင် ကြီးပြင်း ခဲ့သူက မသိခြင်း ဖြစ်သည်။ သိရှိသည့်တိုင်အောင်လည်း ခံစားတတ်မည် မဟုတ်ပေ။

စာရေးသူတို့ ဇာတိရွာ သည် ရန်ကုန်တိုင်း ဒေသကြီး ထန်းတပင် မြို့နယ်တွင် တည်ရှိပြီး ပြည်တွင်းစစ် ထူပြော ခဲ့သည့် ကာလတွင် စစ်ဘေး စစ်ဒဏ် သင့်ခဲ့သော ဒေသ ဖြစ်သည်။ မိဘ များသည် စာရေးသူ၏ အစ်ကိုကြီးများ ကို ရင်ခွင်ပိုက် ၍ စစ်ပြေး ဒုက္ခသည် ဘဝ ရောက်ခဲ့ ရဖူးသည်။ မိသားစု အားလုံး ရန်ကုန်သို့ ပြေးခဲ့ ရသည်။ ရရာ အလုပ်လုပ်၍ ဝမ်းရေး အတွက် ဖြေရှင်း ရသည်။ သို့သော် မိသားစုများ မပျော်နိုင်ပါ။ လယ်ယာကို သံယောဇဉ် ကြီးသော အဖေသည် အရင်ဆုံး ရွာပြန် သွားခဲ့သည်။ အသက် ကို ဖက်နှင့် ထုပ်ခဲ့ရသော ကာလများကို လယ်စိုက်ရင်း ဖြတ်သန်း ခဲ့ရသည်။ ထိုအကြောင်း များကို ပြန်ပြောပြ သော်လည်း ကိုယ်တွေ့ မကြုံရ၍ စာရေးသူ မခံစား ခဲ့ရပါ။ ထမင်းစား ရာတွင် လက်နှေးသည့် စာရေးသူကို မိခင်က ''ဒီလို ထမင်းစား ပုံမျိုးနဲ့ ဟိုတုန်းက ဆို ငတ်ပြီ'' ဟု မြည်တွန် တောက်တီး တတ်သည်။ ဟိုတုန်း ကတော့ ထမင်းကို မြန်မြန်စား၍ မြန်မြန် ထမင်းချက် ထားရသည် ဟုလည်း ပြောပြသည်။ ထမင်းအိုး ရွက်၍ အကြိမ် များစွာ ပြေးခဲ့၊ ပုန်းခဲ့ ရသည်ဟု လည်း ဆိုသည်။

သို့သော် ၁၉၆၇ ခုနှစ် ဝန်းကျင် ကာလသို့ အရောက်တွင်မူ သောင်းကျန်းသူ များနှင့် နဖူးတွေ့ ဒူးတွေ့ ကြုံဖူးလေ တော့သည်။ မှော်ဘီမြို့နှင့် ခုနစ်မိုင် ခန့်သာ ကွာဝေး သော်လည်း ရွာတွင် သောင်းကျန်းသူ များ အုပ်ချုပ်သည်။ အစိုးရ အာဏာစက် လုံးဝမရှိ။

သောင်းကျန်းသူ အုပ်ချုပ်ရေး ကာလတွင် တရား စီရင်ရေး ကိစ္စမှာ လွန်စွာ ရိုးရှင်းသည်။ ပြစ်မှု ထင်ရှားလျှင် သေဒဏ်၊ ထဘီ ခိုးလျှင်လည်း သေဒဏ်၊ ကြက်၊ ဘဲ၊ ဝက်၊ နွား ခိုးလျှင်လည်း သေဒဏ်။ ပြစ်မှု မထင်ရှားလျှင် အသက်မှ ချမ်းသာရာ ရခဲ့သော်လည်း ဖက်ဆစ်နည်း အတိုင်း စစ်ဆေး ခဲ့သဖြင့် လုပ်ကိုင်၍ မစား နိုင်တော့။ နေ့ချင်း ညချင်း ဒုက္ခိတ ဘဝ ရောက်ရှိ သွားတော့သည်။

သောင်းကျန်းသူ တို့ ရက်စက်စွာ ညှဉ်းဆဲပြီး လူသတ် ရာသို့ မူလတန်း ကျောင်းသားများ လာရောက် ကြည့်ရှု ရသည်။ ဆရာ ကိုယ်တိုင် ကြပ်မတ်၍ ခေါ်ဆောင် ပြသရသည်။ ရဲစိတ်ရဲမာန် တက်ကြွ စေရန် ရည်ရွယ်ကြောင်း သိရသည်။ တစ်နေ့တွင် သောင်းကျန်းသူ ဗိုလ်တစ်ဦး စာရေးသူတို့ အိမ်သို့ ရောက်လာပြီး မြေယာ ကော်မတီ စာရေးအကူ လုပ်နေသော အစ်ကို ဖြစ်သူကို တွေ့လိုကြောင်း ပြောသည်။ စာရေးသူ၏ ဖခင်က ''ဗိုလ်ကြီးတို့ တွေ့ချင်ရင် ခေါ်ပေး ပါမည်။ ယခု ခုနစ်တန်းမှာ ကျောင်းတက် နေပါသည်'' ဟုပြောမှ မတွေ့လို တော့ကြောင်း ပြောပါသည်။ အိမ်မှ ထွက်ခါနီး ဖခင်ဖြစ်သူကို ''ခင်ဗျားသားက အစိုးရ လက်ကိုင်တုတ် အသေးစား လေးပဲ'' ဟု ပြောခဲ့သည်။ ရွာမှာ ငွေကြေးဥစ္စာ ချမ်းသာသည့် လူများက လွတ်ရာ ကျွတ်ရာ မြို့ပေါ်သို့ ပြောင်းရွှေ့ သွားကြသည်။ သူတို့ကား မငြိမ်းချမ်းသည့် အရသာနှင့် ငြိမ်းချမ်းသည့် အရသာကို ခွဲခြားပြီး ခံစား တတ်သောကြောင့် ဖြစ်သည်။

လွန်ခဲ့သည့် သုံးနှစ်ကျော် ကာလက ပြည်နယ် တစ်ခုရှိ မြို့ကြီး တစ်မြို့၏ ရပ်ကွက်တွင် နေထိုင် ခဲ့သည့် မိတ်ဆွေ တစ်ဦးက ''အစိုးရ အုပ်ချုပ်မှု အောက်မှာ ရှိနေပေမယ့် သောင်းကျန်းသူ တွေကို ဆက်ကြေး ပေးနေရ တာပဲဗျ။ မပေးရင် ကျည်ဆန် တစ်တောင့် ပို့ပေးတယ်။ ဒါဆို ဘာဖြစ် တော့မလဲ ဆိုတာ သဘောပေါက် တော့ဗျာ။ လူထုဆိုတာ မြေစာပင် ပါပဲဗျာ''ဟု ပြောခဲ့ ဖူးသည်။

ယခုတော့မူ မြန်မာပြည် ငြိမ်းချမ်းရေး ဖြစ်စဉ် အတွက် ကောင်းမွန်သော အလားအလာ ကောင်းများ မြင်တွေ့ လာသည်။ တိုင်းရင်းသား ခေါင်းဆောင်များ နှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးရန် အလွန် နီးကပ် လာသည်။ အစိုးရက ငြိမ်းချမ်းရေး အတွက် အရှိန်မြှင့် လာသည်။ ပြည်သူလူထု ၏ မျှော်လင့်ချက် အိပ်မက်များ ရောင်ခြည်သန်း လာပြီဟု ပြောနိုင်သည်။ အမှန်စင်စစ် မငြိမ်းချမ်းသည့် အခါ ခါးသီးသည့် ဆေးခါးကြီးကို သောက်ရ သူမှာလည်း ဒေသခံ တိုင်းရင်း သား ပြည်သူများ ...။

ငြိမ်းချမ်းသည့် အခါ ချိုမြိန်သော ပျားသကာကို နှစ်လိုစွာ စားသုံး ကြရမည့် သူများမှာလည်း ဒေသခံ တိုင်းရင်းသား ပြည်သူများပင်..။

ဟုတ်ပါသည်။

ဆိုးမွေကို လည်းကောင်း၊ ကောင်းမွေကို လည်းကောင်း လက်တွေ့ ဘဝဖြင့် ခံစားကြ ရသူများမှာ ဒေသခံ တိုင်းရင်းသား များမှလွဲ၍ အခြားသူ မရှိနိုင်။ ''ငြိမ်းချမ်းရေး'' ဆိုသည်မှာ ''သူတို့၏ ရင်တွင်းဖြစ်'' စကားများ ပေတည်း ...။ ။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger