www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, September 15, 2014

အဆင်းနှင့်အချင်း ပြည့်စုံသူများ ဖြစ်ရေး


အဆင်းနှင့်အချင်း ပြည့်စုံသူများ ဖြစ်ရေး

အမျိုးသမီးများ၏ ချမ်းသာခြင်း ကို ''ဣတ္ထိရူပံ ဓနံ'' ဟူ၍ လောကနီတိ က ဖွင့်ဆိုသည်။ မည်မျှပင် စွမ်းဆောင် နိုင်သည့် အမျိုးသမီး ဖြစ်စေကာမူ အဆင်း တင့်တယ်ခြင်း ဟူသည့် အဆင်းတန်ဆာ မရှိပါက လိုအပ်ချက် တစ်ခု ဖြစ်နေရသည် ဟု ကဗျာ ဆရာကြီး ရာဘင်ဒြာနတ်သ်တဂိုး က ဆိုခဲ့ ဖူးသည်။

ယနေ့ မြန်မာ အမျိုးသမီး များ၏ စွမ်းဆောင်မှု များမှာ ကမ္ဘာ့ အလယ်တွင် ထင်ပေါ် လာနေပြီ ဖြစ်သည်။ ပညာရေး၊ အားကစား၊ စီးပွားရေး နှင့် စီမံခန့်ခွဲမှု စသည့် နယ်ပယ် အသီးသီးတွင် အမျိုးသမီး တို့၏ အောင်မြင်မှု များမှာ ကျေနပ် အားရဖွယ် ရလဒ်ကောင်း များဖြင့် မြင်တွေ့ နေရပြီ ဖြစ်သည်။ မြန်မာ အမျိုးသမီး လေးများကို ယဉ်ကျေး သိမ်မွေ့စွာ၊ ပညာ ပြည့်ဝစွာ၊ ဂုဏ်သိက္ခာ ရှိစွာ တွေ့မြင်လို ကြသည်မှာ မြန်မာလူမျိုး တိုင်း၏ ဆန္ဒပင်ြ ဖစ်သည်။

၁၉၅၉ ခုနှစ်ကပင် စတင်၍ နိုင်ငံတကာ ပြိုင်ပွဲများသို့ မြန်မာအလှမယ် မသန်းသန်းအေး၊ မမြင့်မြင့်မေ၊ မစံအေး၊ မမင်နီပု တို့ သွားရောက် ယှဉ်ပြိုင်ခဲ့ ဖူးပြီး ထိုစဉ် ကတည်းက မြန်မာ့ ယဉ်ကျေးမှု နှင့် မလျော်ညီဟု ကန့်ကွက်သူများ ရှိခဲ့သည်။ ယနေ့ အလှမယ် မေမြတ်နိုး၊ နန်းခင်ဇေယျာ၊ ခင့်ဝင့်ဝါ တို့ ယှဉ်ပြိုင်မှုများ အထိ ဝေဖန်မှုများ၊ ကန့်ကွက်မှုများ ရှိနေဆဲ ဖြစ်သည်။

တစ်ဖက် ကလည်း နိုင်ငံ့ဂုဏ်ဆောင် ပေးနိုင်သူ ငယ်ရွယ် သော်လည်း ဗဟုသုတ ကြွယ်ဝကာ နိုင်ငံခြား ဘာသာ စကားကို ပြောဆိုနိုင်သူ မြန်မာ အမျိုးသမီး တို့အတွက် နိုင်ငံတကာ စံနှုန်းနှင့် အရည်အချင်း များကို နိုင်ငံတကာက သိမြင်ရေး လမ်းဖွင့် ပေးသူများ အဖြစ် ဂုဏ်ပြုစကား ဆိုသူ များလည်း ရှိသည်။

အချို့က Model နှင့် Miss ကို ခွဲခြားရှုမြင် နိုင်ခြင်း မရှိသေး သည်ကိုလည်း တွေ့ရသည်။ Miss အလှမယ်ဘွဲ့ ရထားသူ တစ်ဦး အနေဖြင့် နိုင်ငံ တစ်နိုင်ငံ အဖွဲ့အစည်း တစ်ခုခုကို ကိုယ်စားပြု ထားခြင်း ဖြစ်ပြီး သူတို့၏ အရည်အချင်း သည်လည်း ပြိုင်ပွဲများ၏ သတ်မှတ်ချက် အလိုက် ပညာ အရည်အချင်း၊ ကိုယ်ရည် ကိုယ်သွေး နှင့် အားကစား၊ အနုပညာ ဗဟုသုတ၊ ဉာဏ်ရည် ဉာဏ်သွေး၊ အလှအပ၊ ဖက်ရှင် စသည်ဖြင့် ပြည့်စုံ တတ်ကျွမ်း သူများဖြစ်ပြီး အဖွဲ့အစည်း တစ်ခု နိုင်ငံ တစ်နိုင်ငံ အတွက် စံပြု လောက်သည့် ဘက်စုံ ထူးချွန် စွမ်းရည်ရှိ အမျိုးသမီး အဖြစ် သတ်မှတ်ကာ ကမ္ဘာ လုံးဆိုင်ရာ သံတမန်များ၊ ကိုယ်စားလှယ် များအဖြစ် သတ်မှတ် ရွေးချယ်ခံခွင့် ရရှိကြသည်။

သိပ္ပံပညာရှင် များသည် လူများအတွက် အကျိုးရှိမည့် ပစ္စည်း ကိရိယာများ၊ နည်းလမ်း များကို ကြံဆတီထွင် ခဲ့ကြသော်လည်း အပြစ် မကင်းဟု ကန့်ကွက် သူများလည်း ရှိခဲ့ ကြသည်။ ထို ကန့်ကွက်မှု များကြောင့် အားနည်းချက်ကို ပြုပြင် နိုင်သည့် ဖြည့်စွက် တီထွင်မှု များဖြင့် အကောင်းဆုံး ဖြစ်စေရန် သိပ္ပံ ပညာရှင်တို့ ဆောင်ရွက် နိုင်ခဲ့ ကြသည်။ ထိုနည်းတူ တိုးတက်လျက် ရှိသည့် ခေတ် ရေစီးကြောင်း အလိုက် မြန်မာ အမျိုးသမီး ငယ်များ ဝတ်စား ဆင်ယင်မှု နှင့် တွေးခေါ် ရှုမြင်ပုံ တို့မှာလည်း ပြောင်းလဲ လိုက်ပါလျက် ရှိသည်။

သို့ဖြစ်ရာ မြန်မာ အမျိုးသမီးငယ် များအနေဖြင့် မိမိတို့၏ ယဉ်ကျေးမှု နှင့် ရိုးရာဓလေ့ များကို ချစ်ခင် မြတ်နိုး တန်ဖိုးထား ကြရင်း အမျိုးသမီး များ၏ အလှတရား များနှင့် အရည်အချင်း များကို တိုးတက်အောင် အပြု သဘောဆောင် ကြိုးပမ်းကြ ခြင်းဖြင့် အဆင်းနှင့် အချင်း ပြည့်စုံသည့် အမျိုးသမီး ငယ်များ ဖြစ်အောင် ကြိုးစား၍ နိုင်ငံနှင့် လူမျိုးဂုဏ်ကို ဖော်ဆောင် သွားကြရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger