www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, September 18, 2014

ပြည်ပမှ လာရောက် ဖွင့်လှစ်သည့် စားသောက်ဆိုင်များကြောင့် ပြည်တွင်း စားသောက်ဆိုင်ကြီးများ အခက်ကြုံ


ပြည်ပမှ လာရောက်ဖွင့်လှစ်သည့် စားသောက်ဆိုင် တစ်ဆိုင်အား တွေ့ရစဉ်

ရန်ကုန် ၊ ၁၈-၉-၂၀၁၄

မြန်မာနိုင်ငံ၌ စားသောက်ဆိုင် အများအပြား ရှိနေသော်လည်း ပြည်ပမှ လာရောက် ဖွင့်လှစ်သော စားသောက်ဆိုင် များ၏ ဈေးကွက်ကို ယှဉ်ပြိုင်နိုင်ရန် အခက်အခဲများ ရှိနေကြောင်း သိရသည်။

ပြည်ပမှ ဝင်ရောက် လာသော စားသောက်ဆိုင် လုပ်ငန်းများမှာ သန့်ရှင်း သပ်ရပ်သည့် အပြင်အဆင်၊ ကောင်းမွန်သော ဝန်ဆောင်မှု များဖြင့် ပေါင်းစပ် ထားသောကြောင့် ရန်ကုန်မြို့၏ စားသောက်ဆိုင် များတွင် ယခင်နှင့်မတူသော ယှဉ်ပြိုင်မှုများ ပေါ်ပေါက် လာခြင်း ဖြစ်သည်။

ပြည်တွင်းသို့ လက်လီ အစားအသောက် လာရောက် ဖွင့်လှစ် ရောင်းချသည့် နိုင်ငံများတွင် တောင်ကိုရီးယား၊ ဂျပန်၊ တရုတ် နှင့် ထိုင်းနိုင်ငံ များမှာ ဝင်ရောက်မှု အများဆုံး ဖြစ်ကြောင်း သိရသည်။ ၄င်းတို့ အနေဖြင့် မြန်မာနိုင်ငံ၌ စားသောက်ဆိုင်များ လာရောက် ဖွင့်လှစ်ရာတွင် ပြည်တွင်း၌ မရှိသေးသော အစားအသောက် အမယ်များကို ၄င်းတို့ နိုင်ငံ၏ နာမည်ကြီး အစားအသောက် များဖြင့် ထိုးဖောက် ဝင်ရောက် ကြခြင်း ဖြစ်သည်။

၂ဝ၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ စတင် ဝင်ရောက် လာသော Lotteria စားသောက်ဆိုင် သည် ပြည်တွင်း၌ လာမည့် ငါးနှစ်အတွင်း ဆိုင်ခွဲပေါင်း ၂၅ နေရာ ဖွင့်လှစ် သွားရန် လျာထားပြီး လက်ရှိတွင် ရန်ကုန် နှင့် မန္တလေးအပါအဝင် ဆိုင်ခွဲ ခြောက်ခု ဖွင့်လှစ်ထားပြီး ဖြစ်ကြောင်း သိရသည်။

''ဒီမှာ ဆိုင်ဖွင့်ဖို့ ရွေးချယ်ရာ မှာတော့ Location ကို ဂရုတစိုက် ကြည့်ပါတယ်။ အဓိက အားဖြင့်တော့ Shopping Mall တွေမှာပါ။ အဲဒီမှာ လူအများဆုံး ဝင်ထွက်နိုင်တဲ့ နေရာတွေ၊ ဒါ့အပြင် နိုင်ငံခြားသားတွေ ဝင်ထွက် သွားလာ နိုင်တဲ့ နေရာတွေ၊ အရောင်းစင်တာ တွေလို နေရာမျိုး တွေမှာ များသော အားဖြင့် ရွေးချယ်ပြီးတော့ ဖွင့်ပါတယ်။ နောက်ပြီး Customer တွေ အနေနဲ့လည်း သွားရ၊ လာရလွယ် ကူတဲ့ နေရာတွေမှာ ပထမ ဦးစားပေး ရွေးချယ် ကြ ပါတယ်'' Lotteria စားသောက်ဆိုင် မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရန်ကုန်မြို့ အပါအဝင် မြန်မာနိုင်ငံ အတွင်း အခြားမြို့ကြီး များအထိ တိုးချဲ့ လုပ်ကိုင်ရန် ဝင်ရောက် လာကြသော ပြည်ပ စားသောက်ဆိုင် များသည် ၄င်းတို့၏ ဆိုင်အသွင်အပြင် နှင့် ဝန်ဆောင်မှု များကို ထူးထူး ခြားခြား ပြင်ဆင် လုပ်ကိုင် ကြသည်။ ထို့ကြောင့် ပြည်တွင်း လုပ်ငန်းရှင်များ အနေဖြင့်လည်း ယှဉ်ပြိုင် လုပ်ကိုင်နိုင်ရေး အတွက် အပြောင်းအလဲများ ပြုလုပ်ရန် လိုအပ် လာကြောင်း မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်း အထွေထွေ အတွင်းရေးမှူး ဦးကျော်မြတ်မိုး က ပြောသည်။

မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်းမှ ရရှိထားသော အချက်အလက် များအရ ရန်ကုန်မြို့၌ ပထမတန်းစား အဆင့်မြင့် စားသောက်ဆိုင်ပေါင်း ၈ဝ ခန့်သာ ရှိနေပြီး ဒုတိယတန်းစား အနေဖြင့် ၁၂ဝ ခန့်
ရှိကြောင်း သိရသည်။

လက်ရှိတွင် ပြည်တွင်း စားသောက်ဆိုင် လုပ်ငန်းများ အတွက် အဆင့် မြှင့်တင်ရေး နှင့် လုပ်ငန်းတိုးချဲ့လုပ်ကိုင်နိုင်ရန် အတိုးနှုန်း သက်သာသည့် ဘဏ်ချေးငွေများ မရနိုင်သေး သောကြောင့် ပြည်ပ လုပ်ငန်းများကို ယှဉ်ပြိုင် နိုင်ရေးအတွက် အခက်အခဲ ရှိနေကြောင်း စားသောက်ဆိုင် လုပ်ငန်းရှင်များ ထံမှ သိရသည်။

မြတ်လေးငုံ

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger