www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, September 30, 2014

ဝေဟင်မှာ လေယာဉ်ခရီးစဉ်များ ဖြောင့်ဖြူးရေး


ဝေဟင်မှာ လေယာဉ်ခရီးစဉ်များ ဖြောင့်ဖြူးရေး

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်တွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက် လာသည်နှင့် အမျှ ပြည်တွင်း ပြည်ပ လေကြောင်း ခရီးစဉ်များကို ပို့ဆောင်ရေး ဝန်ကြီးဌာန မြန်မာ့ လေကြောင်းသည် ခရီးစဉ်များ တိုးချဲ့ခြင်း နှင့် အဆင့် မြှင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိသည်။

မြန်မာ့ လေကြောင်းမှ ပြည်တွင်း ပို့ဆောင်ရေး လုပ်ငန်းများတွင် အသုံးပြုလျက် ရှိသော လေယာဉ်များမှာ ATR လေးစင်း၊ E-190 နှစ်စင်း၊ Beech Craft-1900 D နှစ်စင်းနှင့် Caravan နှစ်စင်း စုစုပေါင်း လေယာဉ် ၁ဝ စင်းဖြင့် ပြည်တွင်း မြို့ပေါင်း ၂၆ မြို့သို့ နေ့စဉ်ပျံသန်း ပို့ဆောင်ပေး နေပြီ ဖြစ်သည်။ ထို့အပြင် လေယာဉ် စင်းလုံး ငှားရမ်းခြင်း၊ အရေးပေါ် ကယ်ဆယ်ရေးများ အတွက် အသုံးပြုခြင်း နှင့် ကျန်းမာရေး ကိစ္စရပ်များ အတွက် ငှားရမ်းခြင်း တို့ကို တစ်နာရီလျှင် ငွေကျပ် ခုနစ်သိန်း နှုန်းဖြင့် ငှားရမ်း ပေးကြောင်း သိရသည်။

ပြည်ပ ပို့ဆောင်ရေး အတွက် နိုင်ငံတကာ လေယာဉ်များ ဆိုက်ရောက် ထွက်ခွာနိုင်ရန် နေပြည်တော်၊ ရန်ကုန် နှင့် မန္တလေးမြို့ တို့တွင် အပြည်ပြည် ဆိုင်ရာ လေဆိပ်ကြီးများ တည်ဆောက် ထားပြီး ပဲခူးမြို့တွင် အပြည်ပြည် ဆိုင်ရာ လေဆိပ် တည်ဆောက်ရေး စီမံကိန်းကို စတင် ဖော်ဆောင်လျက် ရှိသည်။

နေပြည်တော် - ဗန်ကောက် ခရီးစဉ်ကို PG-721 နှင့် 722 လေယာဉ် များဖြင့် တနင်္လာမှ သောကြာအထိ ရက်သတ္တပတ် လျှင် ငါးကြိမ် အသွားအပြန် ပို့ဆောင် ပေးလျက် ရှိသည်။ ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ် မှ တိုက်ရိုက် ပျံသန်းသော ခရီးစဉ်များမှာ ရန်ကုန် - ဗန်ကောက်၊ ရန်ကုန် - ဒွန်မောင်း၊ ရန်ကုန် - ကွာလာလမ်ပူ၊ ရန်ကုန် - ချန်ဂီ၊ ရန်ကုန် - ကန်စု၊ ရန်ကုန် - ဖနွမ်းပင်၊ ရန်ကုန် - ထိုင်ဝမ်၊ ရန်ကုန် - ကူမင်း၊ ရန်ကုန် - ပေကျင်း၊ ရန်ကုန် - ချင်းမိုင်၊ ရန်ကုန် - နွိုင်ဘိုင်၊ ရန်ကုန် - ဟိုချီမင်း၊ ရန်ကုန် - အင်ချွန်၊ ရန်ကုန် - ဟာမက်၊ ရန်ကုန် - နာရီတာ၊ ရန်ကုန် - ဟောင်ကောင်၊ ရန်ကုန် - ဟာဇာရတ် ရှာဂျလာ ခရီးစဉ်များ ဖြစ်ပြီး နေ့စဉ် အသွားအပြန် ပို့ဆောင် ပေးသော ခရီးစဉ်များ ရှိသကဲ့သို့ ရက်ခြား ပို့ဆောင် ပေးသော ခရီးစဉ် များလည်း ပါဝင်သည်။

မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ တိုက်ရိုက် ပျံသန်းသော ခရီးစဉ်များမှာ မန္တလေး - ဒွန်မောင်း၊ မန္တလေး - ကူမင်း၊ မန္တလေး - ဗန်ကောက် ခရီးစဉ်များကို နေ့စဉ် အသွားအပြန် ပို့ဆောင် ပေးလျက် ရှိပြီး မန္တလေး -ချန်ဂီ ခရီးစဉ်မှာ ရက်ခြား ပို့ဆောင် ပေးလျက် ရှိသည်။

ပြည်တွင်း လေကြောင်း ပို့ဆောင်ရေးတွင် ပုဂ္ဂလိက လေကြောင်း လိုင်းများ တိုးချဲ့ဖွင့်လှစ် လာနိုင် သကဲ့သို့ ပြည်ပ လေကြောင်း ပို့ဆောင်ရေး တွင်လည်း ဖိလစ်ပိုင် နိုင်ငံ၊ တောင်ကိုရီးယား နိုင်ငံ တို့သို့ မြန်မာနိုင်ငံ မှ တိုက်ရိုက် ပျံသန်းရေးကို မြန်မာ့ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ဆောင်ရွက် နေကြောင်း သိရသည်။

မြန်မာ့ လေပိုင်နက် အတွင်း နေ့စဉ် လေယာဉ် အစင်းပေါင်း ၅၅ဝ ခန့် ဖြတ်သန်း မောင်းနှင်လျက် ရှိရာ လေယာဉ်များ အန္တရာယ် ကင်းရှင်းစွာ ဖြတ်သန်း မောင်းနှင် နိုင်ရေးအတွက် မင်္ဂလာဒုံ ဗဟို လေကြောင်း ထိန်းသိမ်းရေး စခန်းက ၂၄ နာရီ ထိန်းသိမ်း ကြီးကြပ် ဆောင်ရွက်လျက် ရှိသည်။ 

သို့ဖြစ်၍ ပို့ဆောင်ရေး ဝန်ကြီးဌာန မြန်မာ့ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသည် ပြည်တွင်း ပြည်ပ နှစ်ဌာနမှ ခရီးသွားများ ခရီးလမ်း ဖြောင့်ဖြူးရေး တာဝန်ကို ကြိုးပမ်း ဆောင်ရွက် နေကြောင်း တွေ့ရပေမည်။ ။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger