www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, August 5, 2014

လူမှုစီးပွားဘ၀ ဖွံ့ဖြိုး တိုးတက်ရေး အလုပ်နှင့် သက်သေပြ


လူမှုစီးပွားဘ၀ ဖွံ့ဖြိုး တိုးတက်ရေး အလုပ်နှင့် သက်သေပြ

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရသည် နိုင်ငံတော်တွင် ဘက်စုံ ကဏ္ဍစုံ ပြုပြင် ပြောင်းလဲရေး များကို ဆောင်ရွက်လျက် ရှိရာ ပိုမို ကျယ်ပြန့် နက်ရှိုင်းပြီး အခြေခံ ကျသည့် ပြုပြင် ပြောင်းလဲမှု များကို ကြိုးပမ်း ဖော်ဆောင် နေပြီ ဖြစ်သည်။ ထိုသို့ များပြားလှသော ပြုပြင် ပြောင်းလဲရေး လုပ်ငန်း များသည် တစ်နေ့ တစ်ရက် တည်းဖြင့် ဆောင်ရွက်၍ ရနိုင်သည် မဟုတ်ဘဲ အခက်အခဲများ၊ အကန့်အသတ် များစွာ ရှိကြောင်း သာဓက မျိုးစုံ ရှိခဲ့သည်။

နိုင်ငံတော် အစိုးရ၏ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများသည် နိုင်ငံတော် အစိုးရကသာ ဆောင်ရွက်ရန် တာဝန် ရှိခြင်းမျိုး မဟုတ်ဘဲ တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံး ပါဝင်၍ စိတ်ရှည် သည်းခံမှု၊ စည်းလုံး ညီညွတ်မှု တို့ဖြင့် ပူးပေါင်း ဆောင်ရွက်ကြ မှသာ အချိန် အတိုင်းအတာ တစ်ခုအတွင်း ထိရောက် အောင်မြင်စွာ ဆောင်ရွက် နိုင်မည် ဖြစ်သည်။ လွတ်လပ်ရေး ရပြီးချိန်မှ ယနေ့အထိ အကြောင်း အမျိုးမျိုးတို့ကို တည်မှီ၍ ဖြစ်ပေါ်လာသော အခြေအနေ များကြောင့် ပြည်သူတို့၏ မျှော်လင့်ချက် များကို ပြည့်ဝစွာ ဖြည့်ဆည်း မပေးနိုင် သေးသည်ကို အထူး သတိပြု ကြရမည် ဖြစ်သည်။

နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးစီးပွား ကို သယ်ပိုး ထမ်းဆောင် ကြရာ၌ နိုင်ငံသားများ အနေဖြင့် အတွေးအမြင် နည်းပါး ခြင်းကြောင့် အတ္တ ကြီးမားမှု၊ စည်းကမ်း မလိုက်နာမှု နှင့် ပဋိပက္ခ မျိုးစုံ ဖန်တီးမှု တို့ကို ရှောင်ကြဉ် ကြရမည် ဖြစ်သဖြင့် အတွေးအမြင် များကို ပြောင်းလဲပြီး အပြောထက် အလုပ်နှင့် သက်သေ ပြကြရမည်မှာ နိုင်ငံတော်ကို ချစ်မြတ်နိုး၍ တိုင်းရင်းသား ပြည်သူတို့၏ လူမှု စီးပွားဘဝ ဖွံ့ဖြိုး တိုးတက် စေလိုသော စေတနာ အမှန်ရှိပြီး ဒီမိုကရေစီ ရှင်သန်ရေးကို နှစ်သက် လိုလား သူတို့၏ တာဝန် ဖြစ်သည်။

မြန်မာနိုင်ငံ မိတ်ဆွေများ အဖွဲ့ တွေ့ဆုံ ဆွေးနွေးပွဲကို လွန်ခဲ့သော နှစ် စက်တင်ဘာ ၂၉ ရက်တွင် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ ၌ကျင်းပခဲ့ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် က မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နှင့် ငြိမ်းချမ်းရေး ဖော်ဆောင် အောင်မြင်မှုများ နှင့် ပတ်သက်၍ ချီးကျူး ပြောကြား ခဲ့သည်။ ထို့အပြင် ကုလသမဂ္ဂ အဖွဲ့သည် မြန်မာနိုင်ငံ အစိုးရနှင့် အဓိက သက်ဆိုင်သူ များကို တိုးမြှင့်ကူညီ ပံ့ပိုးသွားရန် အသင့်ရှိ ပါကြောင်း၊ အရေးကြီးသော ကိစ္စရပ်များ ဖြစ်သည့် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ ကိစ္စ၊ တရားဥပဒေ စိုးမိုးရေး၊ လူ့အခွင့်အရေး၊ လူသားချင်း စာနာ ထောက်ထားသော အကူအညီများ ပေးရေး၊ လူမှုစီးပွား ဘဝ ဖွံ့ဖြိုး တိုးတက်ရေး၊ လာဘ်ပေး လာဘ်ယူမှု တိုက်ဖျက်ရေး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အား ပြုပြင် ပြောင်းလဲရေး၊ တရားစီရင်ရေး ဆိုင်ရာ ကိစ္စများတွင် ပိုမိုကူညီ ပေးသွားရေး တို့အတွက် လည်း အသင့်ရှိ ပါကြောင်းဖြင့် ပြောကြား ခဲ့သည်။

၎င်း အစည်းအဝေး တွင် မြန်မာနိုင်ငံ မိတ်ဆွေများ အဖွဲ့အား မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေ များကို ထင်ဟပ် နိုင်ရန်အတွက် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးမှု နှင့် ဒီမိုကရေစီ မိတ်ဖက်အဖွဲ့ ဟု အမည် ပြောင်းလဲ သတ်မှတ် ခဲ့သည်။

နိုင်ငံတော် အစိုးရသည် ပိုမို ပွင့်လင်း မြင်သာသည့် ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်းလျက် ရှိရာတွင် ပွင့်လင်း မြင်သာမှု၊ တာဝန်ခံမှု နှင့် အားလုံး ပါဝင်နိုင်မှု တို့ကို ဖော်ဆောင် ပေးထားပြီး လူ့အဖွဲ့ အစည်းများ အကြား အပြန်အလှန် ချစ်ကြည် ရင်းနှီးမှု၊ ယုံကြည်မှု နှင့် ညီညွတ်မှု တည်ဆောက်ရေး အထူး အလေးထား ဆောင်ရွက်လျက် ရှိရာ တိုင်းရင်းသား ပြည်သူတို့၏ လူမှုစီးပွား ဘဝ ဖွံ့ဖြိုး တိုးတက်ရေး လိုလား သူတိုင်းက နိုင်ငံတော် အစိုးရနှင့် လက်တွဲ ဆောင်ရွက် ကြပါရန် မြဝတီက တိုက်တွန်း နှိုးဆော် လိုက်ရ ပါသည်။ ။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger