www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, August 6, 2014

ဇန်န၀ါရီလ မှ သြဂုတ်လ ၄ ရက်အထိ မြန်မာနိုင်ငံ ပြည်တွင်းကို ဗဟိုပြု၍ ငလျင် ၂၅ ကြိမ်ထက်မနည်း လှုပ်ခတ်ခဲ့


ရန်ကုန် ၊ ၆-၈-၂၀၁၄

ဇန်နဝါရီလ မှ သြဂုတ် ၄ ရက်အထိ မြန်မာနိုင်ငံ ပြည်တွင်းကို ဗဟိုပြု၍ ငလျင်၂၅ ကြိမ် ထက်မနည်း လှုပ်ခတ် ခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ဦးစီးဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။

အဆိုပါ ငလျင်များ အနက် မေ ၃ဝ ရက်က မန္တလေး မြေငလျင် စခန်းမှ အရှေ့ မြောက်ဘက် ၂၃၅ မိုင်ခန့်အကွာ တရုတ် - မြန်မာနယ်စပ် မြစ်ကြီးနားမြို့ ၏ အရှေ့ တောင်ဘက် ၃၈ မိုင်ခန့်အကွာ ကို ဗဟိုပြု၍ လှုပ်ခတ် ခဲ့သော ငလျင်မှာ အင်အား အပြင်းဆုံး ဖြစ်ပြီး ရစ်ခ်ျတာ စကေး ၅ ဒသမ ၈ အဆင့် ရှိကြောင်း သိရသည်။

ထို့အပြင် မေ ၂၄ ရက်က မန္တလေး မြေငလျင် စခန်းမှ အရှေ့ မြောက်ဘက် မိုင် ၂၄ဝ ခန့်အကွာ တရုတ် - မြန်မာနယ်စပ် မြစ်ကြီးနား မြို့၏ အရှေ့ တောင်ဘက် ၄၅ မိုင်ခန့် အကွာကို ဗဟိုပြု၍ အင်အား ရစ်ခ်ျတာ စကေး ၅ ဒသမ ၅ အဆင့်ရှိ ငလျင်တစ်ခု၊ မတ် ၁၂ ရက်က ကမ္ဘာအေး ငလျင်စခန်း မှ မြောက်ဘက် မိုင် ၁၇ဝ ခန့်အကွာ မြန်မာ ပြည်တွင်း တစ်နေရာကို လှုပ်ခတ်ခဲ့သော အင်အား ရစ်ခ်ျတာ စကေး ၅ ဒသမ ၂ အဆင့်ရှိ ငလျင်တစ်ခု၊ ဇန်နဝါရီ ၂၆ ရက်က သပိတ်ကျင်း မြို့၏ အရှေ့ မြောက်ဘက် ၁၅ မိုင်ခန့်အကွာကို ဗဟိုပြု လှုပ်ခတ် ခဲ့သော ရစ်ခ်ျတာ စကေး ၅ ဒသမ ဝ အဆင့်ရှိ ငလျင်တစ်ခု၊ ဇန်နဝါရီ ၂၉ ရက်က မန္တလေး မြေငလျင် စခန်းမှ အနောက် မြောက်ဘက် မိုင် ၂ဝဝ ခန့်အကွာ မြန်မာ - အိန္ဒိယ နယ်စပ် မော်လိုက်မြို့၏ အနောက် မြောက်ဘက် မိုင် ၄ဝ ခန့်အကွာကို ဗဟိုပြုသော ရစ်ခ်ျတာ စကေး ၅ ဒသမ ဝ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ် ခဲ့ကြောင်း သိရသည်။

အဆိုပါ ငလျင်များ ထဲတွင် ပြင်းအား အများဆုံးမှာ အင်အား ရစ်ခ်ျတာ စကေး ၅ ဒသမ ၈ ရှိပြီး အများစုမှာ ပြင်းအား ရစ်ခ်ျတာ စကေး ၄ နှင့် ၅ ကြားတွင် လှုပ်ခတ် ခဲ့ကြောင်း သိရသည်။

သြဂုတ် ၄ ရက် မြန်မာ စံတော်ချိန် ၁၅ နာရီ ၄၁ မိနစ် ၂၄ စက္ကန့် အချိန် ကလည်း ကမ္ဘာအေး မြေငလျင် စခန်းမှ အနောက် - အနောက် မြောက်ဘက် တစ်မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း ရန်ကုန်မြို့ ကို ဗဟိုပြု၍ အင်အား ရစ်ခ်ျတာ စကေး ၄ ဒသမ ဝ အဆင့်ရှိ အင်အား အနည်းငယ် ရှိသော မြေငလျင် တစ်ခု လှုပ်ခတ်ခဲ့ပြီး အသေ အပျောက် အပျက်အစီး မရှိခဲ့ သော်လည်း ငလျင်ကြောင့် သင်္ဃန်းကျွန်း မြို့နယ် စံပြဈေးအနီး စံပြ (၅) လမ်း အတွင်းရှိ တိုက်အမှတ် (၁၁၈)၊ (၁၁၉) အထပ်မြင့် တိုက်သစ် နှစ်လုံး တိမ်းစောင်းမှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

''ကျွန်တော်တို့ ရန်ကုန်မှာတော့ တော်တော်လေး သိသိသာသာ လှုပ်ခတ်ခဲ့ ပါတယ်။ သြဂုတ် ၁ဝ ရက်မှာ ကမ္ဘာနဲ့ လနဲ့ အနီးဆုံး ရောက်ရှိပြီး Super Moon ဖြစ်မယ်ဆိုပြီး ပြောနေတာတွေ ကြားပါတယ်'' ဟု ရန်ကုန်မြို့၌ နေထိုင်သူ တစ်ဦးက ပြောခံကြောင်း သိရှိရသည်။ (၄၄၇)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger