www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, August 18, 2014

အသိတရားဖြင့် ကျရာ အခန်းကဏ္ဍမှ ပါဝင်


အသိတရားဖြင့် ကျရာ အခန်းကဏ္ဍမှ ပါဝင်

လူသားတိုင်းသည် မိမိတို့၏ အခြေခံ လိုအပ်ချက်များ ဖြစ်ကြသော အေးချမ်း သာယာစွာဖြင့် မိမိတို့၏ စားဝတ်နေရေး၊ လူမှုစီးပွားရေး ဘဝ ဖူလုံ ပြည့်စုံမှု၊ မိမိတို့၏ မူလ အခွင့်အရေး နှင့် လူ့ အခွင့်အရေး များ မဆုံးရှုံး စေဘဲ ပျော်ရွှင် ချမ်းမြေ့စွာ နှင့် မိမိတို့၏ ဘဝ ရည်မှန်းချက် များ ပြီးမြောက် အောင်မြင်မှု များကို ရယူ ခံစားလို ကြသည်။

မိမိတို့ ကိုယ်တိုင် သာမက မိမိတို့၏ မိသားစုများ၊ မိမိတို့နှင့် ရင်းနှီး ချစ်ခင်သူများ၊ မိမိတို့၏ ပတ်ဝန်းကျင် ဖြစ်သော ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ် ကတစ်ဆင့် မိမိတို့၏ နိုင်ငံနှင့် နိုင်ငံသားများ၏ အကျိုး အတွက်လည်း တတ်စွမ်းသမျှ ပါဝင် ဆောင်ရွက် လိုစိတ် ရှိကြသည်။

ထိုကဲ့သို့ တိုးတက် မြင့်မားမှု ရှိစေရန် ဆောင်ရွက် ကြရာတွင် တည်ငြိမ် အေးချမ်းမှု ရှိမှသာ မိမိတို့၏ ဆန္ဒ အတိုင်း ပြီးမြောက် အောင်မြင်မှု ရှိရန် ကြိုးပမ်း ဆောင်ရွက် နိုင်ကြမည် ဖြစ်သည်။ ထို့ကြောင့် တည်ငြိမ်ေ အးချမ်းမှု၊ ဖွံ့ဖြိုး တိုးတက်မှု ရှိရန် လိုပေသည်။ တည်ငြိမ် အေးချမ်းမှု နှင့် ဖွံ့ဖြိုး တိုးတက်ရေး သည် လူတစ်ဦး တစ်ယောက် အတွက် သာမက မိမိတို့၏ မိသားစု၊ မိမိ နိုင်ငံသားများ နှင့် ကမ္ဘာသူ၊ ကမ္ဘာသားများ အတွက်ပါ လိုအပ်ချက် ဖြစ်သည်။

တည်ငြိမ် အေးချမ်းမှု ရှိမှသာ ဖွံ့ဖြိုး တိုးတက်ရေး ကို ဆောင်ရွက် နိုင်မည် ဖြစ်သည်။ ထို့ကြောင့် လူသားတိုင်း ၄င်းအချက်ကို အခြေခံ ရည်မှန်းချက် အဖြစ် ထားရှိပြီး ဆောင်ရွက် ကြရမည် ဖြစ်သည်။ ထိုကဲ့သို့ မွန်မြတ် မှန်ကန်သော ရည်မှန်းချက် များ ပြီးမြောက် အောင်မြင်အောင် ဆောင်ရွက် ကြရာတွင် စိန်ခေါ်မှုများ၊ အခက်အခဲများ၊ အနှောင့်အယှက် အတားအဆီးများ၊ ပဋိပက္ခများ နှင့် ရှောင်လွှဲ၍ မရခြင်း သည်လည်း သဘာဝ တရားပင် ဖြစ်သည်။

တစ်ဦးချင်း စီ၏ စိတ်အစဉ် တွင်လည်း လောဘနှင့် အလောဘ၊ ဒေါသနှင့် အဒေါသ၊ အကုသိုလ် စေတနာ နှင့် ကုသိုလ် စေတနာ၊ အတ္တဟိတ နှင့် ပရဟိတ၊ တွေဝေခြင်း နှင့် ပြတ်သားခြင်း၊ မကြည်လင်ခြင်း နှင့် ကြည်လင်ခြင်း၊ ဆန္ဒမရှိခြင်း နှင့် ဆန္ဒရှိခြင်း စသည်တို့၏ အားပြိုင်မှုများ ရှိနေကြသည်။ ဆန့်ကျင်ဘက် အစုံစုံတို့၏ အားပြိုင်မှု အစဉ်တွင် အင်အား တစ်ခုသည် အခြားအင်အား တစ်ခုထက် တစ်ချိန်ချိန် တွင် သာလွန် လွှမ်းမိုး တတ်သည်။ ဆန့်ကျင်ဘက် နှစ်ခု၏ အားပြိုင်မှု အစဉ်တွင် အင်အား ချိန်ခွင်လျှာ ညီ၍ နေသည့် အချိန်အခါ နှင့် အခြေအနေမျိုး မကြာခဏ ရှိသော်လည်း ယာယီသာ ဖြစ်သည်။ ဆန့်ကျင်ဘက် တစ်ခုက အခြား ဆန့်ကျင်ဘက် တစ်ခုထက် အင်အား သာလွန် နေလေ့ရှိခြင်း ကသာ အစဉ် ထာဝရ ဖြစ်သည်။

သို့ဖြစ်ရာ တွေ့ကြုံ လာရသော ဖြစ်စဉ်တိုင်း အပေါ် အတ္တ လွန်ကဲမှု၊ မာန်မာန လွန်ကဲမှု၊ မနာလို ဝန်တိုစိတ် မြင့်မားမှု စသော ခံစားမှု များဖြင့် မတုံ့ပြန်ဘဲ ဆင်ခြင်တုံ တရားဖြင့် ဝေဖန် ဆန်းစစ် ဆောင်ရွက် ကြရန်ဖြစ်ပြီး နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းစဉ် ကြီးတွင် လက်ရှိ ပါဝင် ဆောင်ရွက် နေကြသူ များနှင့် နောင်တစ်ချိန် တွင် အနာဂတ် နိုင်ငံတော် အတွက် ပခုံးပြောင်း တာဝန်ယူ ကြရမည့် လူငယ်များ အားလုံး မှန်ကန်သော အသိတရားဖြင့် ကျရာ အခန်းကဏ္ဍ က ပါဝင် ဆောင်ရွက် ကြရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger