ရန်ကုန် ၊ ၁၈-၇-၂၀၁၄
၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေးနှစ် ရန်ကုန် ပြည်သူ့ ဆေးရုံကြီး အဆင့်မြှင့် တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ငွေကျပ် သန်း ၄ ဒသမ ၅ ဘီလီယံ ထပ်မံ အသုံးပြု သွားမည် ဖြစ်ကြောင်း ရန်ကုန် ပြည်သူ့ ဆေးရုံကြီး မှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
ထပ်မံ အသုံးပြုမည့် ငွေကြေးများကို နိုင်ငံတော်မှ ကျခံ ပေးခြင်းဖြစ်ပြီး ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာနှစ် အတွင်းက ရန်ကုန် ပြည်သူ့ ဆေးရုံကြီး အဆင့်မြှင့် တင်ရေးအတွက် ငွေကျပ် သန်းပေါင်း ၅ ဘီလီယံ အသုံးပြုခွင့် ပေးခဲ့ကြောင်း ၊ ၂၀၁၃ ခုနှစ်မှ စတင် လုပ်ဆောင် ခဲ့ခြင်းဖြစ်ပြီး ပထမအဆင့် အနေဖြင့် လုပ်ငန်းကြီး ၉ ခုကို ပြည်တွင်း တင်ဒါ ကုမ္ပဏီ ၉ ခုဖြင့် ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ၊ ရန်ကုန် ပြည်သူ့ ဆေးရုံကြီး အဆင့်မြှင့်တင် ရာတွင် ဆေးရုံကြီး ပင်မဆောင်ကို ရှေးမူမပျက် ပြုပြင်မည် ဖြစ်ပြီး ဆေးရုံကြီး တိုးချဲ့ဆောင် များသို့ လူနာများ ပြောင်းရွှေ့ ပြီးပါက ပင်ပမဆောင် အနောက်ဘက်ခြမ်း ကို စတင် ပြင်ဆင် သွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ ပြင်ဆင်မှု အပိုင်းတွင် အခြမ်းလိုက် ပြုပြင်ခြင်းသည် အလွှာလိုက် ပြုပြင်ခြင်းထက် အသံ ၊ အမှုန် ၊ လူရှုပ်ထွေးမှု စသည့် ဘေးထွက် ဆိုးကျိုးများ လျော့နည်း စေကြောင်း ၊ ပြင်ဆင်ခြင်း လုပ်ငန်းများ အနက် ဆေးကုသဆောင် များကို အကြီးစား မွမ်းမံ ပြင်ဆင်ခြင်း OT Complex , Imaging Complex ပါဝင်သော တိုးချဲ့ ၅ ထပ်ဆောင် ဆောက်လုပ်ခြင်း ၊ ဆေးရုံကြီး ပင်မဆောင် ၀င်းအတွင်း ကားပါကင် ၊ မြေစိုက် ဆိုင်းဘုတ် ထူခြင်းနှင့် လျှပ်စစ် သွယ်တန်းခြင်း စသည့် လုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။
ရန်ကုန် ပြည်သူ့ ဆေးရုံကြီး ၌ လာရှိ အသုံးပြုလျက် ရှိသော ခတင် ၁၃၅၀ ရှိပြီး အထူးပြု ဘာသာရပ် ဆိုင်ရာ ဌာန ၂၇ ခု ၊ အရေးပေါ် လူနာ လက်ခံဌာန ၇ ခုရှိကြောင်း နှင့် လက်ရှိ ဘဏ္ဍာနှစ် အတွင်း ဆေးဂိုဒေါင် အသစ် တည်ဆောက်ခြင်း အပါအ၀င် စာသင်ခန်းမ အကြီးစား ပြုပြင် မွမ်းမံခြင်းများ ထပ်မံ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရှိရသည်။
စိုးမိုး
#Themyawadydaily






No comments:
Post a Comment