တံတားဦး ၊ ၂၉-၇-၂၀၁၄
ပင်းယကို သီဟသူမင်း သည် သက္ကရာဇ် ၆၇၄ ခုနှစ် တပေါင်း လဆန်း ၁၅ရက် ဗုဒ္ဓဟူးနေ့ တွင် တည်၍ ဝိဇယပူရဘွဲ့ နာမည်တပ်ကာ နန်းတော်၊မြို့တော်၊ ကျုံးတော်၊ ရွှေဂူဘုရား (ဂူတော်သစ်)၊ အတွင်း ရွှေကျောင်း၊ ရွှေစည်းခုံ၊ ထောက်ရှည်ကန် (ကန်လှ) ခုနစ်ဌာနကို တစ်ပြိုင်တည်း တည်ထား ခဲ့သည်။
ပင်းယခေတ် သည် သက္ကရာဇ် ၆၇၄ ခုနှစ်မှ ၇၂၆ ခုနှစ်အတွင်း နှစ် ပေါင်း ၅၂ နှစ်ခန့်သာ ဖြစ်တည် ထွန်းကား ခဲ့သည်။ ယဉ်ကျေးမှု အမွေအနှစ် မများပြား ခဲ့သော်လည်း အင်းဝခေတ်သို့ ပုဂံခေတ် လက်ရာ များကို အမွေ ပေးနိုင် ခဲ့သည်။
ပင်းယခေတ် လက်ရာများကို ပင်းယဂူကြီး သုံးလုံးတွင် လေ့လာ နိုင်သည်။ ဂူကြီး သုံးလုံးသည် တံတားဦးမြို့ ၏ တောင်ဘက် အင်းဝ - တံတားဦး လေယာဉ်ကွင်း သွား လမ်းမကြီး၏ အနောက် တောင်ဘက် ကုန်းပေါ်တွင် တည်ရှိသည်။ (ပုံ)
ဂူကြီးသုံးလုံး သည် တောင် - မြောက် တန်းနေပြီး သဘာဝ ဘေးအန္တရာယ် ကြောင့် ပျက်စီးနေပြီ ဖြစ်သည်။ တောင်ဘက်ဆုံး ဂူသည် အနည်းငယ် ပျက်၍ အလယ်နှင့် မြောက်ဆုံး ဂူသည် အပျက်အစီး များနေသည်ကို တွေ့ရသည်။ ဂူကြီးများ၏ အတွင်းတွင် ဆင်းတုတော် လေးဆူစီ ထည့်သွင်း အပူဇော်ခံ ထားသည်။ ဂူကြီးသုံးလုံး ၏ အပြင်ပိုင်းတွင် ဇာတ်ရုပ် စဥ့်ကွင်းများဖြင့် တန်ဆာဆင် ထားသည်။
ဂူကြီးသုံးလုံး အနက် တောင်ဘက်နှင့် အလယ်ဂူတွင် နံရံဆေးရေး ပန်းချီများ ရှိခဲ့သော်လည်း ပျက်စီး နေသည်ကို တွေ့ရသည်။ ကျောက်စာလည်း တွေ့ရှိရပြီး ပင်းယခေတ် တွင် စိတ်ဝင်စား ဖွယ်ရာ စနစ်မှာ စိုက်ပျိုးသီးနှံ များကို ခွဲပေးပုံ စနစ် ဖြစ်သည်။ ပင်းယခေတ်တွင် လယ်ယာထွက် သီးနှံကို ခွဲဝေယူရာတွင် စိုက်သူနှစ်စု ဘုရားတစ်စု ခွဲဝေယူရန် ဖြစ်သည် ဟုလည်း ကျောက်စာ မှတ်တမ်းများ အရ သိရသည်။
၁၉၉၄ - ၁၉၉၅ ခုနှစ်တွင် ရှေးဟောင်း သုတေသန အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနအနေဖြင့် ပင်းယဂူကြီး သုံးလုံးဖော်ထုတ် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ထိန်းသိမ်း စောင့်ရှောက် ထားသည့် အတွက် ပင်းယခေတ် လက်ရာများကို ပင်းယဂူကြီး သုံးလုံးတွင် လေ့လာ နိုင်ကြောင်း သိရှိရသည်။
(၁၅၉)
#Yadanarpondaily
No comments:
Post a Comment