www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, July 10, 2014

ပြည်သူများ ကျန်းမာကြံ့ခိုင်ရေး ငှက်ဖျားရောဂါ သတိဖြင့်ကာကွယ်


ပြည်သူများ ကျန်းမာကြံ့ခိုင်ရေး ငှက်ဖျားရောဂါ သတိဖြင့်ကာကွယ်

နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ရာတွင် လူ့စွမ်းအား အရင်းအမြစ် များကို ကောင်းမွန် အထိရောက်ဆုံး အသုံးချနိုင်ရေး အတွက် ပြည်သူများ၏ ကျန်းမာ ကြံ့ခိုင်မှုသည် အဓိက ကျသည်။ သို့ဖြစ်၍ ပြည်သူများ ကျန်းမာ ကြံ့ခိုင်သော နိုင်ငံသား ဖြစ်စေရေး ဟန့်တား နှောင့်နှေး စေမည့် ငှက်ဖျားရောဂါ အပါအဝင် ရောဂါမျိုးစုံမှ ကင်းဝေးစေရန် ဆောင်ရွက်လျက် ရှိသည်။

ကမ္ဘာပေါ်တွင် ယနေ့ ကြုံတွေ့ နေရသော ငှက်ဖျားဆေး ယဉ်ပါးသော ဖယ်ဆီပါရမ် ငှက်ဖျားပိုး ပြဿနာသည် မြန်မာ - ထိုင်း နယ်စပ် နေရာများ၊ ရော်ဘာလုပ်ငန်း၊ ကျောက်လုပ်ငန်း၊ ရွှေလုပ်ငန်း ရှိသော နေရာများတွင် တွေ့ရှိ လာသည်ဟု သိရသည်။ အဆိုပါ ဆေးယဉ်ပါးပိုး အခြား နေရာများသို့ မပြန့်ပွား စေရေးအတွက် အမျိုးသား ငှက်ဖျား ကာကွယ် နှိမ်နင်းရေး စီမံချက်များ ချမှတ်လျက် ကျန်းမာရေး ဝန်ကြီးဌာန က လုပ်ငန်းအလိုက်၊ အချိန်ကာလ အလိုက်၊ ဒေသအလိုက်၊ အဆင့်အလိုက် စနစ်တကျ ဆောင်ရွက်လျက် ရှိသည်။

နိုင်ငံတော် အစိုးရ အနေဖြင့်လည်း ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ အတွက် ရန်ပုံငွေကို ယခင်နှစ် များကထက် ပိုမိုပံ့ပိုး ပေးခဲ့သည်။ ငှက်ဖျားရောဂါ တိုက်ဖျက်ရေး လုပ်ငန်းစဉ် အတွက် နိုင်ငံတော်မှ ရန်ပုံငွေ နှစ်စဉ် ငွေကျပ် သန်းပေါင်း ၅ဝဝ မှ ၈ဝဝ အထိ တိုးမြှင့် ခွဲဝေပေးလျက် ရှိသည်။ ကမ္ဘာ့ ရန်ပုံငွေအဖွဲ့ ( Global Fund ) မှ ငှက်ဖျားရောဂါ တိုက်ဖျက်ရေး အတွက် ၂ဝ၁၃ ခုနှစ်မှ ၂ဝ၁၆ ခုနှစ်အထိ လေးနှစ်စာ အမေရိကန် ဒေါ်လာ ၇၂ ဒသမ ၃၅ သန်း အထိ ထောက်ပံ့ သွားမည်ဟု သိရသည်။ ထို့ပြင် ဆေးယဉ်ပါး ငှက်ဖျားရောဂါ ထိန်းချုပ်ရေး အစီအစဉ် အရ မဲခေါင်ဒေသ အတွင်းရှိ နိုင်ငံများ ( မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအို ) အတွက် Global Fund မှ ထပ်မံပံ့ပိုးငွေ အမေရိကန် ဒေါ်လာ သန်း ၁ဝဝ အနက် မြန်မာနိုင်ငံ အတွက် ၃၆ သန်း ထပ်မံ လျာထား သုံးစွဲမည် ဖြစ်သည်။

မြန်မာနိုင်ငံ ငှက်ဖျားရောဂါ တိုက်ဖျက်ရေး လုပ်ငန်းစဉ် များကို ၂ဝဝ၆ ခုနှစ်တွင် Bridge Fund မှ အမေရိကန် ဒေါ်လာ နှစ်သန်း၊ ရောဂါကြီး သုံးမျိုး ရန်ပုံငွေ Three Diseases Fund မှ အမေရိကန် ဒေါ်လာသန်း ၂ဝ ၊ ၂ဝ၁၁ ခုနှစ်တွင် မြန်မာနိုင်ငံ ဆေးယဉ်ပါး ငှက်ဖျား ရောဂါပိုး ထိန်းချုပ်ရေး စီမံကိန်း ( MARC ) အတွက် အမေရိကန် ဒေါ်လာ ၁၁ သန်း၊ WHO , UNICEF နှင့် JICA စသည့် အဖွဲ့အစည်း များမှ ပံ့ပိုးမှုများဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

၂ဝ၁၁ - ၂ဝ၁၂ ခုနှစ်တွင် GF Round 9 ၏ ပထမ အဆင့်တွင်လည်း အမေရိကန် ဒေါ်လာ သန်း ၂ဝ ဖြင့် ငှက်ဖျား ဒေသနေ ပြည်သူများအား ဆေးစိမ်ခြင်ထောင် အလုံးရေ ၁ ဒသမ ၃ သန်း ကျော် ဖြန့်ဝေခြင်း၊ ငှက်ဖျားပိုး အမြန်သွေးစစ် ကိရိယာနှင့် စစ်ဆေးပြီး ဖယ်စီပါရမ် ငှက်ဖျားကို အာတီမီစီနင်း ဆေးပေါင်း ACT ဖြင့် ကုသပေးခြင်း၊ ကျန်းမာရေး ဝန်ထမ်းများ နှင့် ပြည်သူလူထု အတွင်း ငှက်ဖျားရောဂါ ဆိုင်ရာ အသိပညာ တိုးမြင့် လာစေရန် ပြုလုပ်ခြင်းကြောင့် ငှက်ဖျားရောဂါ ဖြစ်ပွား သေဆုံးနှုန်း သိသာစွာ ကျဆင်းခဲ့ကြောင်း သိရသည်။

ဤသို့ ကျန်းမာရေး ဝန်ကြီးဌာန၊ နိုင်ငံတကာ နှင့် ပြည်တွင်း အဖွဲ့အစည်းများ ပူးပေါင်း၍ မြန်မာနိုင်ငံ ငှက်ဖျားရောဂါ ကာကွယ် နှိမ်နင်းရေး အားသွန်ခွန်စိုက် ဆောင်ရွက် နေချိန်တွင် ပြည်သူလူထု တစ်ရပ်လုံး အနေဖြင့်လည်း ကျန်းမာရေး အသိ၊ သတိနှင့် ယှဉ်၍ အိပ်စက် အနားယူရာတွင် ဆေးစိမ် ခြင်ထောင်ဖြင့် စနစ်တကျ အိပ်ရန်၊ ငှက်ဖျားဒေသ အတွင်း စဖျားပြီး ၂၄ နာရီအတွင်း ငှက်ဖျား သွေးစစ်ရန်၊ ငှက်ဖျား ပျောက်ဆေးကို ဆေးပတ်လည် အောင် သောက်ရန်၊ ငှက်ဖျားဆေး ယဉ်ပါးမှု ရှိလာခြင်းကို အစဉ် သတိပြုလျက် ကျွမ်းကျင်သူ ဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများဖြင့် စနစ်တကျ ကုသမှု ခံယူ၍ ကျန်းမာ ကြံ့ခိုင်သည့် ပြည်သူများ နိုင်ငံသားများ ဖြစ်စေရန် ကျန်းမာရေး အသိသတိဖြင့် ကျင့်ကြံ နေထိုင် သွားကြရမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger