စစ်ကိုင်း ၊ ၁၅-၇-၂၀၁၄
စစ်ကိုင်းမြို့နယ် လင်းတလူး ကျေးရွာ အနီးတွင် ရတနာပုံခေတ် က သံရည်ကျို လုပ်ငန်း လုပ်ကိုင်ခဲ့သည့် နေရာ တစ်ခုကို တွေ့ရသည်။ ထို သံရည်ကျို လုပ်ငန်းမှာ လင်းတလူး ကျေးရွာ အနောက် တောင်ဘက် တစ်မိုင်ခွဲခန့် အကွာတွင် ရှိပြီး ကနောင်မင်းသားကြီး ၏ စီစဉ်မှုဖြင့် ဆောင်ရွက် ခဲ့သောကြောင့် " ကနောင်မင်းသား သံဖို " ဟု ဒေသခံ များက ခေါ်ဝေါ်လျက် ရှိကြောင်း သိရသည်။
၎င်း ကနောင်မင်းသား သံဖို ဟု ဒေသခံများ ခေါ်ဝေါ်သည့် နေရာတွင် သံရည်ကျို ထည့်လုံ နှင့် ပုံသဏ္ဌာန် တူသည့် ချော်ရည်များ၊ သံရည်ကျိုစ များနှင့် အလျားလေးပေ၊ အနံ နှစ်ပေခွဲ ခန့်ရှိသည့် သံရည်ကျို ခဲ့သည့် လက္ခဏာ ရှိသော နေရာများ ကို တွေ့ခဲ့ရပြီး အဆိုပါနေရာ ဝန်းကျင်မှ ကျောက်များသည် သံပါဝင်သည့် ကျောက်များ ဖြစ်နေ သည်ကို တွေ့ရသည်။
ဒေသခံ သက်ကြီး ရွယ်အိုများ၏ ပြောပြချက် အရ ကနောင် မင်းသားကြီး စစ်ကိုင်းမြို့ သံဖိုရုံးတွင် အသုံးပြုရန် အတွက် သံများကို လင်းတလူး ကျေးရွာအနီး ကနောင်မင်းသား သံဖိုမှ သံများ အရည်ကျို၍ ထုတ်ယူ သုံးစွဲခဲ့ကြောင်း သိရသည်။
လင်းတလူး ကနောင်မင်းသား သံဖို သည် ရတနာပုံခေတ် စက်မှု တော်လှန်ရေး ၏ သမိုင်းဝင် နေရာတစ်ခု ဖြစ်သော်လည်း တိမ်မြုပ်လျက် ရှိနေသည်။ ရှေးဟောင်း သုတေသန နှင့် ဘူမိဗေဒ ပညာရှင်များ အနေဖြင့် လေ့လာ သုတေသနပြု ဖော်ထုတ် သင့်သည့် နေရာတစ်ခု ဖြစ်သည်ဟု လင်းတလူး ကျေးရွာ သစ္စာဝါဒီကျောင်း ဆရာတော်က မြွက်ကြား ခဲ့ကြောင်း သိရှိရသည်။ (၁၄၆)
#Yadanarpondaily





No comments:
Post a Comment