www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, May 7, 2014

စွမ်းရည်မြင့်မား လူငယ်များ လမ်းမှန်လျှောက်ရေး ၀ိုင်းကူပေး


စွမ်းရည်မြင့်မား လူငယ်များ လမ်းမှန်လျှောက်ရေး ၀ိုင်းကူပေး

ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေး တွင် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး သည် အဓိက ကျသော အခန်းကဏ္ဍမှ ပါဝင်လျက် ရှိသည်။ ကမ္ဘာ့နိုင်ငံများ တွင် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးသော နိုင်ငံများက တိုးတက်မှု မြန်ဆန်ပြီး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှု အားနည်းသော နိုင်ငံများက တိုးတက်မှု နှေးကွေးကြောင်း တွေ့ရသည်။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရသည် အနာဂတ် နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး နှင့် တရားစီရင်ရေး ကဏ္ဍတို့တွင် ဆက်လက် တာဝန်ယူ ကြမည့် လူငယ်များအား စွမ်းရည် မြင့်မား၍ လမ်းမှန် ရောက်ရှိစေရန် ပို့ဆောင် ပေးလျက် ရှိသည်။ ဘက်စုံပညာ ထူးချွန်လူငယ်များ၊ ထူးချွန် ကြက်ခြေနီ နှင့် ကင်းထောက် လူငယ်များအား နေပြည်တော်၌ စုစည်း၍ ထူးချွန်လူငယ် များ တွေ့ဆုံ ဂုဏ်ပြုပွဲနှင့် နိုင်ငံ စွမ်းဆောင်ရည်ဆု ချီးမြှင့်ပွဲ အခမ်းအနား ညစာစားပွဲ များကို မေ ၃ ရက်တွင် တစ်ရက်တည်း တစ်ပေါင်းတည်း ကျင်းပ ပေးခဲ့သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မေ ၄ ရက် မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိ ဗိမာန်၌ ပြုလုပ်သော ဘက်စုံပညာ ထူးချွန် လူငယ်များ၊ ထူးချွန် ကြက်ခြေနီနှင့် ကင်းထောက် လူငယ် မောင်မယ်များ တွေ့ဆုံ ဂုဏ်ပြုပွဲ အခမ်းအနားသို့ တက်ရောက်၍ ဂုဏ်ပြု နှုတ်ခွန်းဆက် အမှာစကား ပြောကြား ခဲ့သည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ''နိုင်ငံတော်၏ '' ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ်'' တည်ဆောက်ရေး လုပ်ငန်းစဉ်တွင် ကျရာ ကဏ္ဍမှ အင်တိုက် အားတိုက် ပါဝင် ဆောင်ရွက် နေသည့် တပ်မတော် အနေဖြင့်လည်း လူငယ်များ၏ အရည်အချင်း၊ အရည်အသွေး မြှင့်တင်ရေး အပိုင်းတွင် စိတ်ရောကိုယ်ပါ ပါဝင် ဆောင်ရွက်လျက် ရှိပါကြောင်း၊ တပ်မတော် အခြေခံပညာ ကျောင်းများနှင့် တပ်မတော် ပညာရေး ကျောင်းများမှ ထူးချွန် ကျောင်းသား၊ ကျောင်းသူများ၊ တပ်မတော် သားများနှင့် စစ်မှုထမ်းဟောင်း မိသားစုဝင် သားသမီးများ ထဲက ထူးချွန် ကျောင်းသား၊ ကျောင်းသူများကို ထိုက်ထိုက် တန်တန် ဂုဏ်ပြုဆုများ ချီးမြှင့်ပေးလျက် ရှိပါကြောင်း၊ ထို့ပြင် နိုင်ငံတော် အတွက် ရေကြောင်း ပညာနှင့် လေကြောင်း ပညာ ကျွမ်းကျင်သော အနာဂတ် မျိုးဆက်သစ် လူငယ်များ ပေါ်ထွန်း လာစေရန် ရည်ရွယ်၍ တပ်မတော်မှ တာဝန်ယူပြီး ရေကြောင်း လူငယ် အခြေခံသင်တန်း၊ လေကြောင်း လူငယ် အခြေခံ သင်တန်းတို့ကို တပ်မတော် ရေတပ်စခန်း၊ တပ်မတော် လေတပ်စခန်း ရှိရာမြို့ များတွင် ယခုနှစ်မှ စပြီး ဖွင့်လှစ်ပေးလျက် ရှိပါကြောင်း'' ဖြင့် ထည့်သွင်း ပြောကြား ခဲ့သည်။

လူငယ်များအား အဖိုး ထိုက်တန်သော လူ့စွမ်းအား အရင်းအမြစ်များ ဖြစ်လာစေရန် နိုင်ငံတော်နှင့် တပ်မတော်က ပြုစု ပျိုးထောင် ပေးခြင်းသည် အမျိုးသား ယဉ်ကျေးမှု ဓလေ့ထုံးစံ များကို နှစ်သက် မြတ်နိုး ထိန်းသိမ်း စောင့်ရှောက် တတ်သော လူငယ်များ၊ ပြည်ထောင်စု စိတ်ဓာတ် ရှင်သန် ခိုင်မာ၍ အဘက်ဘက်မှ ယုံကြည် အားကိုးရသည့် နိုင်ငံ့အကျိုးပြု လူငယ်လူရွယ် များအဖြစ် အရေအတွက်မှ အရည်အချင်း သို့ ကူးပြောင်း မြှင့်တင် ပေးခြင်းပင် ဖြစ်သည်။

သို့ဖြစ်၍ အနာဂတ် နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး နှင့် တရား စီရင်ရေး ကဏ္ဍတို့တွင် အသီးသီး တာဝန်ယူ ကြမည့် လူငယ်များ စွမ်းရည် မြင့်မားရေး နှင့် လမ်းမှန်ပေါ် ရောက်ရှိရေး အတွက် နိုင်ငံတော် အစိုးရ၊ မိဘပြည်သူ များနှင့်အတူ တပ်မတော် က ပါဝင်၍ စဉ်ဆက် မပြတ် ကြိုးပမ်း ဖော်ဆောင် သွားမည် ဖြစ်ကြောင်း မြဝတီက ထပ်လောင်း ရေးသား လိုက်ရ ပါသည်။ ။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger