လောကကို အလှဆင်၍ အောင်မြင်မှုကို ရယူ
မှောင်မိုက် တိတ်ဆိတ်၍ ချောက်ချား အားငယ်စရာ ကောင်းလှသော ညအမှောင်ကို ရွှန်းမြ ထိန်လင်း စန်းသော်တာ ငွေရောင်က တင့်တယ် စေ၏။ ငွေနှင်းမှုန် နှင်းစက်တို့ တဖွဲဖွဲ ကျဆင်းသော ဟေမာန်ဆောင်း ကာလကို ပင်မြင့်တွင် တင့်တယ်စွာ ပွင့်တတ်သော တော်ဝင် သဇင်ပန်း တို့က အလှဆင်၏။ ရွက်ဟောင်း ကြွေ၍ ရွက်သစ်ဝေကာ လေရူး တိုက်သော နွေဦးကာလ ကို တလှိုင်လှိုင် သင်းကာ ဝင်းဝင်းဝါအောင် ပွင့်တတ်သော ပိတောက်ရွှေဝါ တို့က ကျက်သရေ တိုးစေ၏။ ကမ္ဘာမြေ ပေါ်ရှိသက်ရှိ သတ္တဝါ တို့တွင် အသိဉာဏ် အရှိဆုံးသော လူသား တို့တွင်လည်း စိတ်ကောင်း၊ စိတ်မြတ် ရှိ၍ ကိုယ်စိတ်နှလုံး နူးညံ့ သိမ့်မွေ့သော လူသားသည် လူ့ဘုံလောက တစ်ခုလုံးကို အလှဆင်သူ ဖြစ်သည်။
ကျဲကျဲတောက် ပူသော နေမင်း၏ အပူရှိန် အောက်သို့ လျှောက်လှမ်း သူသည် ဖိနပ်နှင့် ထီးပါ ရသကဲ့သို့ စစ်ထွက် သူသည် လက်နက် ပါရ သကဲ့သို့ လူတိုင်း လူတိုင်းသည် လူ့လောက၌ နေ့စဉ် စိတ်ကောင်း စိတ်မြတ်ကို ခါးဝတ် ပုဆိုးကဲ့သို့ ကျင့်ကြံ မွေးမြူ ထားရှိကြရန် လိုသည်။ စိတ်ကောင်း၊ စိတ်မြတ် ဟူသည် ကာယကံ၊ ဝစီကံ၊ မနောကံ တည်းဟူသော ကံသုံးပါးဖြင့် ပြုသမျှ ကိစ္စတို့တွင် တစ်ပါးသူ၏ အကျိုးကို လိုလားသော စိတ်ပင် ဖြစ်သည်။ ထို စိတ်အလှသည် လောကတွင် တိုင်းစရာမသိ နှိုင်းစရာမရှိ သော ထိပ်တန်းအလှ ဖြစ်သည်။
လောကကြီးတွင် အကောင်းနှင့် အဆိုး၊ အကြောင်းနှင့် အကျိုး တို့သည် ဒွန်တွဲလျက် ရှိနေသည်။ အကောင်း ရှိသကဲ့သို့ အဆိုးလည်း ရှိ၏။ အကြောင်းရှိလျှင် အကျိုးလည်း ရှိ၏။ မြင့်မိုရ်တောင် နှင့် ခြတောင်ပို့ သည် တောင်ချင်း တူသော်လည်း ကွာခြား သကဲ့သို့ လူချင်း တူသော်လည်း စိတ်ကောင်း စိတ်မြတ် ရှိသူနှင့် စိတ်ယုတ်မာ ရှိသူတို့က ကွာခြားသည်။ စိတ်ယုတ်မာ မရှိသူသည် လောဘ၊ ဒေါသ၊ မောဟ လွန်ကဲမှု မရှိဘဲ ကိုယ်စိတ် နှလုံးသုံးပါး တို့ဖြင့် ဆက်ဆံရာတွင် သူတစ်ပါး အပေါ် ကြင်နာ သနားတတ်၏။ ခွင့်လွှတ် တတ်၏။ သည်းခံမှု နှင့် ပြည့်စုံ၏။
စိတ်ကောင်း စိတ်မြတ် ရှိသူသည် မိမိအကျိုး နှင့် အများအကျိုး ယှဉ်လာလျှင် အများ အကျိုးကို ဦးစားပေးကာ စွန့်လွှတ် အနစ်နာ ခံတတ်သူ ဖြစ်သည်။ မကြောက်မရွံ့ နောက်မတွန့်ဘဲ အများ အတွက် ရဲဝံ့ စွန့်စားသူ ဖြစ်သည်။ အများအတွက် ချော့တိုင်း မပျော့၊ ခြောက်တိုင်းလည်း မကြောက် တတ်ဘဲ ဇွဲသတ္တိ ခိုင်မာသူ၊ အမှန်တရားကို မြတ်နိုး ထိန်းသိမ်း တတ်သူ ဖြစ်သည်။ အမြင် နီးသော်လည်း ခရီးဝေးသော တောင်ကဲ့သို့ အပင် ကြီးသော်လည်း အသီးသေးသော ညောင်ကဲ့သို့ လူတို့အပေါ် စိတ်ကောင်း စိတ်မြတ် ရှိသည်ဟု တစ်ခဏမျှ အမြင်၊ အကြားနှင့် မှတ်ယူရန် လည်း မလွယ်လှပေ။
လူတစ်ယောက် စိတ်ကောင်း စိတ်မြတ် ဖွံ့ဖြိုး ခိုင်မြဲ လာစေရန်မှာ ငယ်စဉ် တောင်ကျေး ကလေးဘဝ ကပင် လက်ဦး ဆရာများ ဖြစ်သော မိဘတို့က ပြုစုပျိုးထောင် ပေးရပေမည်။ စာပေ သင်ကြား တတ်သည့် အရွယ်သို့ ရောက်၍ စာသင်ကျောင်း သို့ ရောက်သည့် အခါတွင် ဆရာတို့က ပြုစုပျိုးထောင် ပေးရပေမည်။ မိသားစုတွင် စိတ်ကောင်း စိတ်မြတ် ရှိသူများပါက ညီညွတ်သော ပျော်ရွှင်ဖွယ် မိသားစုကို ပိုင်ဆိုင် နိုင်၏။
နိုင်ငံ တစ်ခုတွင် စိတ်ကောင်း စိတ်မြတ် ရှိသူများပါက အမိုက်စိတ် ဖုံးလွှမ်း နေသော မာန၊ ဒေါသ၊ အတ္တ တို့ကို ရှေ့တန်းတင်မှု လျော့နည်း၍ လုပ်ငန်းများ ဆောင်ရွက် ရာတွင် ညီညွတ်မှုဖြင့် ပျော်ရွှင်စွာ ဆောင်ရွက် နိုင်၍ အောင်မြင်သည့် တိုင်းပြည် ဖြစ်လာ နိုင်သည်။ ကမ္ဘာတွင် စိတ်ကောင်း စိတ်မြတ် ရှိသူ များလာပါက အေးချမ်း သာယာ လှပသော ကမ္ဘာကြီး ဖြစ်လာမည် ဖြစ်သည်။
သို့ဖြစ်ရာ လူတိုင်း လူတိုင်းသည် မိမိတို့၌ ရှိပြီးသည့် စိတ်ကို စိတ်ကောင်း စိတ်မြတ် ဖြစ်စေရန် လေ့ကျင့် မွေးမြူကာ မိမိအကျိုး၊ မိသားစု အကျိုး၊ ရပ်ကွက် အကျိုး၊ မြို့ရွာ အကျိုး၊ နိုင်ငံအကျိုး တို့ကို ဆတက် ထမ်းပိုး ဆောင်ရွက်၍ လောကကို အလှဆင်ကာ ဘဝ၏ အောင်မြင်မှုကို ရယူ သွားကြရမည် ဖြစ်ပါကြောင်းဖြင့် တိုက်တွန်း ရေးသား လိုက်ရ ပေသည်။
( အယ်ဒီတာ့အာဘော် )
No comments:
Post a Comment