www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, April 1, 2014

လုပ်ငန်းတွင်၍ စိတ်လန်းရွှင်သော လုပ်ငန်းခွင် တည်ဆောက်


လုပ်ငန်းတွင်၍ စိတ်လန်းရွှင်သော လုပ်ငန်းခွင် တည်ဆောက်

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရသည် နိုင်ငံသားများ တစ်ဦးချင်း ဝင်ငွေ တိုးတက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီး ပေးလျက်ရှိရာ နိုင်ငံတော်ကို တာဝန်ယူ ခဲ့သည့် ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၃ ခုနှစ် အထိ အစိုးရ ဌာနများတွင် အလုပ်အကိုင် အခွင့်အလမ်း ၃ဝဝဝဝ ကျော်နှင့် ပုဂ္ဂလိက ကဏ္ဍတွင် ၁၂ သိန်းကျော် ရှာဖွေ ပေးနိုင် ခဲ့ကြောင်း ပထမအကြိမ် မန္တလေးတိုင်း ဒေသကြီး လွှတ်တော် နဝမ ပုံမှန် အစည်းအဝေး သတ္တမနေ့ တွင် ပြောကြားချက် အရ သိရသည်။

အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန သည် တိုင်းဒေသကြီး များနှင့် ပြည်နယ် အသီးသီး၌ အလုပ်အကိုင် ရှာဖွေရေးရုံး ၉၁ ရုံးဖွင့် လှစ်ထားပြီး ပြည်တွင်း အလုပ်အကိုင် ရရှိရေးတွင် နိုင်ငံ့ဝန်ထမ်း အဖြစ် လုပ်ကိုင် လိုသူ၊ ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံ နှင့် အလုပ်ဌာန များတွင် လုပ်ကိုင်လို သူများအား အလုပ်အကိုင် ရှာဖွေပေးလျက် ရှိသည်။ သို့သော် ပြည်ထောင်စုကြီး အတွင်းရှိ မြို့နယ် အားလုံးသို့ လွှမ်းခြုံ နိုင်မှုမရှိ သေးသည့် အတွက် သက်ဆိုင်ရာ နယ်မြေရှိ ဝန်ထမ်းများက Mobile Team များ ဖွဲ့စည်း၍ အခြားမြို့နယ် များသို့ သွားရောက်ပြီး အလုပ်အကိုင် ရှာဖွေ ပေးခြင်း၊ ပြည်တွင်း အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ များအား အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနက ခွင့်ပြု ပေးခြင်း တို့ဖြင့် ပြည်သူများ အလုပ်အကိုင် ရရှိရေး ဆောင်ရွက် ပေးနေပြီ
ဖြစ်သည်။

ပထမ အကြိမ် ပြည်ထောင်စု လွှတ်တော် နဝမ ပုံမှန် အစည်းအဝေး တွင် ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ် ပိတ်ရက် အက်ဥပဒေ ကို ပြင်ဆင်သည့် ဥပဒေကြမ်း တင်သွင်း ခဲ့သည်။ ပြင်ဆင်သည့် ဥပဒေကြမ်း ၏ အပိုဒ် ၅ တွင် ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ ပုဒ်မ ၃ ပုဒ်မခွဲ (၃)၏ နောက်တွင် ပုဒ်မခွဲ (၄) အဖြစ် အောက်ပါ အတိုင်း ဖြည့်စွက် ရမည်။ ''အလုပ်ရှင်သည် အလုပ်သမား များအား ရက်သတ္တ ပတ်လျှင် တစ်ရက်ထက် မနည်းသော ရက်သတ္တပတ် အလုပ် ပိတ်ရက်ကို စီစဉ် ဆောင်ရွက် ပေးရမည်။ ရက်သတ္တပတ် တွင် တနင်္ဂနွေ နေ့ကိုသော် လည်းကောင်း၊ အလုပ်ရှင်နှင့် အလုပ်သမားများ သို့မဟုတ် အလုပ်သမား အဖွဲ့အစည်း တို့ ကြိုတင် သဘော တူညီမှုဖြင့် ရက် သတ္တပတ် တွင် အခြားနေ့ရက် တစ်ရက်ရက် ကိုသော် လည်းကောင်း ရက်သတ္တပတ် အလုပ်ပိတ်ရက် အဖြစ် သတ်မှတ် ရမည်'' ဟု ဖော်ပြ ထားသည်။

ထို့အပြင် ပြင်ဆင်သည့် ဥပဒေကြမ်း အပိုဒ် ၄ တွင် ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ ပုဒ်မ ၃ ပုဒ်မခွဲ(၁)၌ ပါရှိသော ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အတွင်းရှိ အစိုးရရုံးများ အတွက် ရုံးပိတ်ရက်များ ဆိုသည့် စကားရပ်ကို ပြည်ထောင်စု အစိုးရ အဖွဲ့မှ အမိန့် ကြော်ငြာစာ ဖြင့် နှစ်စဉ် ထုတ်ပြန် ကြေညာသည့် အများပြည်သူ အလုပ်ပိတ် ရက်များ ဆိုသည့် စကားရပ်ဖြင့် အစားထိုး ရမည်ဟု ဖော်ပြ ထားသည်။

ဥပဒေကြမ်း သည် မကြာမီ အတည်ပြု ပြဋ္ဌာန်း တော့မည် ဖြစ်သည်။ အစိုးရ ဌာနဆိုင်ရာ ဝန်ထမ်းဖြစ်စေ၊ ပုဂ္ဂလိက လုပ်ငန်းမှ ဝန်ထမ်း သို့မဟုတ် ကိုယ်ပိုင် လုပ်ငန်း ဖြစ်စေ ကြိုးကြိုးစားစား လုပ်ကိုင်ကြ ပါက ရလဒ်ကောင်း ရရှိမည် ဖြစ်သည်။ ရိုးသား ကြိုးစားမှုဖြင့် ရရှိလာသော ရလဒ် ကောင်းများ၏ အရည်အသွေး ရေရှည် တည်တံ့ရေး အတွက် အပန်းဖြေ နားနေခြင်းသည် လိုအပ်ချက် တစ်ခု ဖြစ်သည်။ သို့မှသာ စိတ်သွားတိုင်း ကိုယ်ပါမည် ( Work Smart and Work Hard ) ဖြစ်သည်။

နိုင်ငံတော် အစိုးရသည် ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေး ဖန်တီး ပေးလျက်ရှိရာ အလုပ်ရှင် နှင့် အလုပ်သမား တို့သည် ဥပဒေ စည်းကမ်းများ နှင့်အညီ အပြန်အလှန် လေးစား လိုက်နာ၍ ကိုယ်စီတာဝန် ကျေပွန် ကြခြင်းဖြင့် လုပ်ငန်းတွင်၍ စိတ်လန်းရွှင် သော လုပ်ငန်းခွင် ကို တည်ဆောက် ကြပါရန် တိုက်တွန်း နှိုးဆော် လိုက်ရ ပါသည်။ ။

( အယ်ဒီတာ့အာဘော် )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger