www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, April 20, 2014

မြတ်ဗုဒ္ဓ၏ ဘ၀နေနည်း


မြတ်ဗုဒ္ဓ၏ ဘ၀နေနည်း

ကမ္ဘာပေါ်ရှိ လူသား အားလုံး တို့သည် မိမိတို့၏ ဘဝ ရှင်သန် ရပ်တည် နိုင်ရေး အတွက် နိစ္စဓူဝ သွားလာ လှုပ်ရှား ရုန်းကန် နေကြ ရသည်။ ထိုသို့ ရုန်းကန် လှုပ်ရှား ကြရာတွင် ဖြစ်ချင် တာတွေ မဖြစ်ရ။ မဖြစ်ချင် တာတွေ ဖြစ်ကြရ၏။ အချို့ သည်လည်း ဒုက္ခသုက္ခ များနှင့် ကြုံတွေ့ ခံစား ကြရသည်။

လူတို့သည် မကြုံတွေ့ ချင်ဘဲ ကြုံတွေ့ နေရသော ဘဝကို သောက တဝေဝေဖြင့် စိတ်ဖိစီးမှု ဒဏ်ကို သင့်သလို ခံစား နေကြရပြီး မိမိစိတ်ကို မထိန်းချုပ် နိုင်သူများ အနေဖြင့် မလုပ်သင့် မလုပ်ထိုက် သော အလုပ်များကို လုပ်မိကြသည်။ ထို့ကြောင့် မဖြစ်သင့်၊ မဖြစ်ထိုက် သော ပြဿနာ များနှင့် ရင်ဆိုင် ကြုံတွေ့ ကြရသည်။

''မနုဿတ္တဘာဝေါ ဒုလ္လဘော'' လူ့ဘဝ ဟူသည် ရခဲလှ ပေသည်။ ရခဲလှသည့် လူ့ဘဝကို မည်သည့် အခြေအနေ ရောက်ရောက် မလျှော့သောဇွဲ၊ လုံ့လဖြင့် တင်းခံ အားထုတ် ကြဖို့လိုမည် ဖြစ်ပေသည်။ သွားသတိ၊ လာသတိ၊ စားသတိ၊ လှုပ်ရှားမှု မှန်သမျှ တို့၌ ကံသုံးပါးလုံး သတိ သမ္ပဇဉ် တရားနှင့် ယှဉ်ပြီး ကျင့်ကြံ နေထိုင် တတ်ဖို့ လိုပေသည်။

မိမိတို့၏ အဇ္ဈတ္တတွင် အချိန်တိုင်း ဖြစ်နေ တတ်သည့် ဝိရောဓိများ၊ မကောင်းမှု စိတ်ထားများကို ဖယ်ရှား တတ်ရမည် ဖြစ်ပြီး အမှတ်တမဲ့ နေထိုင်တတ် သူများအတွက် အချိန်သည် အလဟဿ အချည်းအနှီး အဟောသိကံ ဖြစ်တတ်ကာ ဉာဏ်သတိနှင့် ယှဉ်၍ နေထိုင်တတ် ကြသူများအဖို့ အချိန်သည် တန်ဖိုး ကြီးမားလှ ပေသည်။

ဆိုလိုသည်မှာ မိမိဘဝ ပျက်သုဉ်း ရမည့် နောက်ဆုံး လက်ကျန် အချိန်လေး အတွင်းမှာပင် သတိသမ္ပဇဉ် တရား လက်ကိုင် ထားပြီး ကောင်းသော စိတ်ထားများ မွေးမြူ သွားခြင်းဖြင့် ကောင်းသော ဘဝသို့ ရောက်ရှိ ခံစားနိုင်ပုံကို ညွှန်းဆိုခြင်း ဖြစ်သည်။

''ဒုက္ခမြားမြောင် လူတို့ဘောင်'' ဟု ဆိုစမှတ် ပြုကြ သော်လည်း ကြုံတွေ့ရသော လောကဓံကို ကြံ့ကြံ့ခံကာ လက်မြှောက် အရှုံးမပေးဘဲ မိမိတို့ ဘဝအတွက် အကောင်းဆုံး ဖြစ်အောင် ကျင့်ကြံ အားထုတ် လုပ်ဆောင် ကြရန် ဖြစ်သည်။

''ကာမဂုဏ် အာရုံ ခံစားနေဆဲ အချိန်မှာလဲ ငါဘုရားကို မမေ့နဲ့'' ဟူသော အဆုံးစွန် အဆိုအမိန့် ကို ဝိသာခါ ကျောင်းအမ ကြီးအား မြတ်ဗုဒ္ဓက ဆုံးမ ခဲ့ဖူးသည်။ ထို ဆုံးမစကား သည် လောကီ၊ လောကုတ္တရာ နှစ်ဌာန တွဲလျက် ကုသိုလ် ယူနိုင်ကြောင်း မှတ်သားစရာ ဘဝနေနည်း ဖြစ်ပေသည်။

မြတ်ဗုဒ္ဓ၏ အနှစ်တရားမှာ ပစ္စုပ္ပန် တည့်တည့်တွင် ကျင့်ကြံ နေထိုင်ခြင်း၊ ကံသုံးပါး ပြုလုပ်ဆဲ ခဏတွင် ဉာဏ်သတိနှင့် ယှဉ်၍ နေထိုင်ခြင်း တို့သည် ဘဝနေနည်း အမှန်၊ အနေတတ် အသေမြတ် ခြင်း၏ နည်းလမ်း ကောင်းများ ဖြစ်ပေသည်။

သို့ဖြစ်ရာ ကိစ္စမြားမြောင် လူတို့ဘောင်တွင် မည်သည့် အရာမျှ ရှောင်လွှဲ၍ မရ၊ တစ်နည်းနည်း ဖြင့် ဆက်နွှယ် ပတ်သက် ကြရသည်။ မဖြစ်မနေ ကြုံတွေ့ ကြရသည့် ဘဝများတွင် လုပ်သင့် လုပ်ထိုက် သည့် အကျင့်မြတ်မှာ သတိသမ္ပဇဉ် နှင့် ယှဉ်သည့် ပွားများ အားထုတ်ခြင်း သည် သောက ကင်းဝေး စေမည့် အကောင်းဆုံး သော မြတ်ဗုဒ္ဓ၏ ဘဝနေနည်း ပင် ဖြစ်ပါကြောင်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger