မတူညီသော ကျောင်းသူနှစ်ဦး
အရှင်အဂ္ဂသာရ (မန္တလေး)
မူလတန်း ၊ အလယ်တန်း ကျောင်းတွေ စာမေးပွဲပြီးလို့ တစ်ပတ်လောက် အကြာမှာ ရဟန်းဒကာမ ဖြစ်သူရဲ့ အိမ်ကို ဆွမ်းခံရင်းနဲ့ ရောက်ဖြစ် ခဲ့ပါတယ်။
" အိမ်က ကလေးရော မတွေ့ပါလား ၊ အခု ဘာတွေ လုပ်နေတာလဲ ၊ ကျောင်းတွေ ပိတ်ပြီဆိုတော့ " ဟု ဆိုပြီး စကားစပ်မိရင်း မေးလိုက် မိသည်။ အိမ်က ကလေးဆိုတာ ရဟန်း ဒကာမ ဖြစ်သူရဲ့ အငယ်ဆုံး သမီး သုံးတန်း ဖြေဆိုထားတဲ့ ကျောင်းသူလေး ကို ရည်ရွယ်ခြင်း ဖြစ်ပါတယ်။
" ကလေးလား နွေရာသီ ကျောင်းတွေ ပိတ်တော့လဲ မနားရ ပါဘူး ဦးပဉ္စင်းရယ် .." ဟု အစချီကာ " မနက် ကိုးနာရီကနေ ဆယ့်တစ်နာရီထိ မြန်မာကျောင်း ၊ နေ့လည် နှစ်နာရီ ကနေ လေးနာရီ အတွင်းက အင်္ဂလိပ်ကျောင်း ၊ လေးနာရီ နောက်ပိုင်း ကျတော့ ပန်းချီ သင်တန်း ၊ ရေကူး ၊ ညပိုင်း ကျရင်တော့ လာမယ့်နှစ် အတန်း အတွက် ဘာသာစုံ ကျူရှင် ... " ဟု တစ်နေကုန် အချိန်တွေကို စီကာ ပတ်ကုံး ကလေးအတွက် ဂုဏ်ယူ ၀င့်ကြွားတဲ့ လေသံနဲ့ ရွတ်ပြ နေပါတယ်။
" အင်း ကလေးကလည်း မနားရပါလား .." ဆိုတော့ " မနားရတော့ဘူး ဦးပဉ္စင်းရေ ၊ တစ်ပတ် ငါးရက်လုံးပဲ ၊ စနေ တနင်္ဂနွေ နှစ်ရက်ပဲ နားရက် ရှိတာ ၊ အဲဒီ နှစ်ရက် အတွင်းပဲ နားပေါ့ ၊ အခု ကတည်းက ကြိုသင် ထားမှလဲ နောက်နှစ်အတွက် အဆင်သင့် ဖြစ်လာမှာလေ ... " တဲ့။
-------------------
ပြီးခဲ့တဲ့ နှစ်ရက် ၊ သုံးရက် က မိဘနှစ်ပါး နဲ့ မွေးချင်းတွေ ရှိတဲ့ ဇာတိရွာလေး ဆီကို အလည် ရောက်သွား ခဲ့ပါတယ်။ နေ့လယ် နှစ်နာရီလောက် ရွာကို ရောက်သွားခဲ့ပြီး ရွာဦးကျောင်း ဆရာတော် ကို လှူစရာ ရှိတာလေး လှူပြီး ကျောင်းနဲ့ မလှမ်းမကမ်း မှာရှိတဲ့ မိဘတွေရှိရာ အိမ်ကို ထွက်လာခဲ့တယ်။
မိဘတွေနဲ့ စကားပြော နေရင်း ကိုးတန်း ကျောင်းသူ ညီမလေး တစ်ယောက်ကို မတွေ့ရလို့ " ဘယ်သွားတာလဲ ၊ အိပ်နေတာလား ..." လို့ မေးကြည့်တော့
" ဦးပဉ္စင်း ညီမက ဒီနှစ်ကိုးတန်း ဖြေထားတယ်လေ ၊ နောက်နှစ် ဆယ်တန်း တက်ရမှာ ၊ အိပ်နေတာ မဟုတ်ပါဘူး ၊ တောထဲလိုက် သွားတာ ... " တဲ့။ အမေ့ရဲ့ စကားကို ကြားလိုက် ရတော့ " ဟာ ... တောထဲ လိုက်သွားတာ ဟုတ်လား ၊ နေက ဒီလောက် ခြစ်ခြစ်တောက် ပူနေတာကို ဒကာမကြီး တို့ကလဲ ကလေးကို ထည့်ရသလား ... " ဆိုတော့ အမေက စာရေးသူ ကို ပြုံးပြုံးကြီး ပြန်ကြည့်ပြီး " ဦးပဉ္စင်း ကလဲ နေမူတာများ အဆန်းမှတ်လို့ ၊ နေပူလို့သာ အလုပ် မလုပ်ရဘူး ဆိုရင် တပည့်တော်တို့ တစ်ရွာလုံး ဘယ်လို အသက်ရှင် နေနိုင်မှာလဲ ..." တဲ့။
" ဦးပဉ္စင်း ညီမက ကျောင်းဖွင့်တော့လဲ ကျောင်းစာတွေနဲ့မို့ ပင်ပန်းရသလို ၊ ကျောင်းပိတ် ပြန်တော့လဲ အိမ်ရဲ့ စားဝတ်နေရေး အတွက် တစ်နေကုန် တစ်နေခန်း နားရတယ်ကို မရှိဘဲ ပင်ပန်း လိုက်တာတော့ ပြောမနေ ပါနဲ့တော့ ၊ မနက် အိပ်ရာထ ငါးနာရီ လောက်ဆိုရင် ထမင်းကြမ်း စားပြီး တောထွက် ၊ နေ့ခင်း ဆယ့်တစ်နာရီ လောက် ပြန်လာ ထမင်းစားပြီး ခဏတဖြုတ်နား ၊ နေ့လယ် တစ်နာရီထိုးရင် ပြန်ထွက် ညနေ မှောင်ရီပျိုး မှပဲ ပြန်လာရတယ် ၊ လုပ်အားခ ကျပြန်တော့ တစ်ရက်မှ ငွေ ၁၂၀၀ ၊ ၁၃၀၀ လောက်ရတာ ၊ ဒီအလုပ်မှ မလုပ်ချင်ဘူး ဆိုရင်လဲ ဘာမှ လုပ်စရာ မရှိတော့ဘူးလေ ၊ ဒီလိုပဲ တပည့်တော် တို့ရွာ တစ်ရွာလုံး လုပ်စားနေရတာပဲ ၊ ပင်ပန်းပါတယ် ... ဦးပဉ္စင်း ညီမလေး လဲ တစ်နေကုန် တစ်နေခန်း သူပဲ ဒိုင်ခံ လုပ်နေရတာ ...." ။
" လာမယ့်နှစ် ဆယ်တန်း တက်ရမှာလဲ ဆိုသေး ကျူရှင်လေး ဘာလေး မယူဘူးလား ... " ဆိုတော့ ဦးပဉ္စင်းရယ် အဲဒါတွေက ဝေးပါသေးတယ် ၊ အခု လောလောဆယ် ကျူရှင် တက်ဖို့ထက် လာမယ့်နှစ် ဆယ်တန်း ဆက်တက် နိုင်ဖို့အတွက် အခု ကတည်းက ကျောင်းစရိတ် ရအောင် ရှာနေရ တာပဲ ၊ သူရတဲ့ လုပ်အားခလဲ တပည့်တော် တို့ကို တစ်ချို့ တစ်ဝက်ပဲ ပေးပြီး ကျန်တာ သူဘာသာသူ စုထားတာပဲ ၊ ကျူရှင် ကတော့ ယူမနေတော့ ပါဘူး ၊ အချိန်လဲ မရပါဘူး ၊ တစ်နေကုန် တစ်နေခန်း အလုပ်လုပ်ပြီး ပင်ပန်းထားတော့ ညရောက် ပြန်တော့လဲ ထမင်းစားပြီး အိပ်ရာထဲ တန်းဝင် တော့လာပဲ ... "
အမေဖြစ်သူရဲ့ စကားကို နားထောင်ပြီး " သူတို့ ပြောတာလဲ ဟုတ်တာပဲလေ " ဆိုပြီး ညီမဖြစ်သူ အတွက် စိတ်မကောင်း ဖြစ်ရုံက လွဲပြီး ဘာမှ မတတ်နိုင်ခဲ့ဘူး ။ " ကဲ ... ဦးပဉ္စင်းလဲ ကျောင်းပြန်ကြွ တော့မယ် ညကျမှ တစ်ခေါက် ပြန်လာ ခဲ့မယ် ..." ဆိုကာ ကျောင်းကို ပြန်လာ ခဲ့တယ်။
ကျောင်း အပြန်လမ်း တစ်လျှောက် စားရေးသူ မျက်လုံးထဲမှာတော့ ယခုနှစ်မှာ ကိုးတန်းဖြေဆို ထားပြီး လာမည့် ပညာသင်နှစ်မှာ ဆယ်တန်း တက်ရမယ့် ညီမဖြစ်သူနဲ့ သုံးတန်း ဖြေထားလို့ လေးတန်း တက်ရမယ့် မြို့ပြက ရဟန်း ဒကာမ သမီးငယ် လေးတို့ရဲ့ မတူညီတဲ့ တစ်နေ့တာ မအားရပုံတွေကို မြင်ယောင် နေမိ ပါတော့တယ်။
#Themyawadydaily
No comments:
Post a Comment