www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, March 12, 2014

လူသားချင်း စာနာထောက်ထားရေး သဘောထားများ ထွန်းကားရေး


လူသားချင်း စာနာထောက်ထားရေး သဘောထားများ ထွန်းကားရေး

လူတို့၏ ပင်ကို အရည်အသွေး နှင့် စပ်လျဉ်း၍ လောက နီတိ၌ ဖော်ပြ ထားသည်မှာ တောင်ချောက် ကြားထဲ က ဆူးကို ဘယ်သူချွန် သနည်း၊ သမင်တို့၏ မျက်စိ၌ ဘယ်သူ မျက်စဉ်းခတ် ပေးသနည်း၊ ရွှံ့နွံထဲမှာ ပေါက်ပွား လာသော ကြာပွင့်ကို ဘယ်သူ အနံ့ ကောင်းကောင်း ပေးပါသနည်း၊ အမျိုးကောင်းသား တို့၏ စိတ်သဘောထား ကို ဘယ်သူ ပြုပေး ပါသနည်း၊ သူ့အလိုလို သာဖြစ်လာ ပေ၏ဟု တွေ့ရသည်။

အမျိုးကောင်းသား တို့၏ စိတ်သဘော ဟူသည် ယနေ့ခေတ် စကားနှင့် ဆိုရသော် လူသားချင်း စာနာရေးကို လက်ခံ ကျင့်သုံး သူပင် ဖြစ်သည်။ သဘာဝ ဘေးအန္တရာယ် ကြောင့် ထိခိုက်သူ များနှင့် ပဋိပက္ခ ကြောင့် ထိခိုက်သူများ အား အကာအကွယ် ပေးခြင်း၊ ထောက်ပံ့ ကူညီခြင်း တို့သည် လူသားချင်း စာနာရေး လုပ်ငန်းများ ပင် ဖြစ်သည်။

လူသားချင်း စာနာရေးမူ များမှ ကရုဏာ တရား ရှေ့ထားခြင်း မှာ လူသားချင်း ဒုက္ခဆင်းရဲ မခံစား ရစေရန် တားဆီး ကာကွယ်ခြင်း နှင့် ဒုက္ခဆင်းရဲ ဖြစ်နေသူများ လျော့ပါး သက်သာ စေရန်၊ လူသား အချင်းချင်း အပြန်အလှန် နားလည် သဘောပေါက်မှု၊ ခင်မင် ရင်းနှီးမှု၊ ပူးပေါင်း ဆောင်ရွက်မှု နှင့် ရေရှည် တည်တံ့သော ငြိမ်းချမ်းရေး ခိုင်မြဲ စေရန် တည်ဆောက် ခြင်းတို့ ဖြစ်သည်။ ထို့ပြင် ဘက်မလိုက်ခြင်း ဆိုသည်မှာ နိုင်ငံသား၊ လူမျိုး၊ ယုံကြည် ကိုးကွယ်မှု၊ လူတန်းစား သို့မဟုတ် နိုင်ငံရေး အခြေအနေ များကြောင့် ခွဲခြား ဆက်ဆံမှု မရှိစေ ရအောင် ဆောင်ရွက် နိုင်ရန် လူတစ်ဦးချင်း ၏ ဒုက္ခဆင်းရဲ နည်းပါး သက်သာ စေရန် ၄င်းတို့၏ လိုအပ်ချက် များကို ဖြည့်ဆည်း ပေးရေး ပင်ဖြစ်သည်။

လူသားချင်း စာနာရေး လုပ်ငန်းများ ဆောင်ရွက် ရာတွင် လူသားချင်း စာနာရေး ဥပဒေ၊ နိုင်ငံတကာ စံနှုန်း အမျိုးမျိုး နှင့် ကျင့်ဝတ်များကို လမ်းညွှန် အဖြစ် ခံယူ ဆောင်ရွက် ကြရသည်။ တစ်ကမ္ဘာလုံး ဆိုင်ရာ လူ့အခွင့်
အရေး ကြေညာချက် ၁၉၄၈၊ ၁၉၄၉ ခုနှစ် ဂျီနီဗာ ကွန်ဗင်းရှင်း (၄)ရပ်နှင့် ၁၉၇၇ ခုနှစ် ထပ်မံ ဖြည့်စွက်သော နောက်ဆက်တွဲ သဘော တူညီချက်များ၊ နိုင်ငံတကာ ကြက်ခြေနီ နှင့် လခြမ်းနီ ကျင့်ဝတ်မူ များနှင့် ဘေးအန္တရာယ် တုံ့ပြန်ရေး လုပ်ငန်း အစီအစဉ် များတွင် ပါဝင် ဆောင်ရွက် နေသော NGOs များအတွက် ကျင့်ဝတ်မူများ၊ ၂ဝ၁၄ ခုနှစ် Sphere စီမံချက်ပါ လူသားချင်း စာနာရေး လုပ်ငန်း ပဋိညာဉ် နှင့် ဘေးအန္တရာယ် တုံ့ပြန်ရေး လုပ်ငန်းတွင် အနိမ့်ဆုံး ရှိရမည့် စံချိန် စံနှုန်းများ စသည်တို့ကို လမ်းညွှန် အဖြစ် ခံယူ ဆောင်ရွက်ကြ ရသည်။

နိုင်ငံတကာ လူသားချင်း စာနာရေး ဥပဒေ၏ ရည်ရွယ်ချက်မှာ နိုင်ငံတကာ သို့မဟုတ် နိုင်ငံတကာ မဟုတ်သော လက်နက်ကိုင် ပဋိပက္ခများမှ တိုက်ရိုက် ပေါ်ပေါက် လာသော လူသားချင်း စာနာရေး ပြဿနာ များကို ကိုင်တွယ် ဖြေရှင်းရန် ဖြစ်သည်။ လက်နက်ကိုင် ပဋိပက္ခကြောင့် ထိခိုက်လျက် ရှိသူများ သို့မဟုတ် ထိခိုက် နိုင်ဖွယ် ရှိသူများနှင့် ၄င်းတို့ ပိုင်ဆိုင်သော ပစ္စည်းများကို ကာကွယ် စောင့်ရှောက်သည်။

ယနေ့ ၂၁ ရာစု ကမ္ဘာကြီးမှာ သဘာဝ ဘေးအန္တရာယ်၊ လူတို့ကြောင့် ဖြစ်ပေါ် ရသော ပဋိပက္ခ စသည့် စိန်ခေါ်မှု များဖြင့် ကြုံတွေ့ နေကြရသည် ဖြစ်ရာ လူသားချင်း စာနာ ထောက်ထားရေး သဘောထားများ ထွန်းကား ၍ လက်ခံ ကျင့်သုံးသူ အမျိုးကောင်းသား တို့ အသက်ရာကျော် ရှည်ကြ စေကြောင်း မြဝတီက ဆုတောင်း မေတ္တာပို့သ လိုက်ရ ပါသည်။ ။

( အယ်ဒီတာ့အာဘော် )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger