www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, March 19, 2014

အရေအတွက် မှ အရည်အချင်း သို့ ကူးပြောင်းတည်ဆောက်


အရေအတွက် မှ အရည်အချင်း သို့ ကူးပြောင်းတည်ဆောက်

လောက ဓမ္မတာအရ တစ်စင်း တည်းသောလ သည် အမိုက် အမှောင်ကို ပယ်ဖျောက် နိုင်စွမ်း သော်လည်း ကြယ်တာရာ ပေါင်းများစွာ သည် အမိုက်မှောင်ကို ပယ်ဖျောက် ခြင်းငှာ မစွမ်းနိုင်ဟု ပညာရှိများ ညွှန်ပြခဲ့ကြ သည်မှာ အရေအတွက် နှင့် အရည်အချင်း တို့ကို နှိုင်းယှဉ် ချင့်ချိန် တတ်စေရန် ဥပမာပြ ခဲ့ကြခြင်း ဖြစ်သည်။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့် အတူ မြစ်ကြီးနားမြို့ သို့ ရောက်ရှိ နေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မတ် ၁၆ ရက် မွန်းလွဲ ၁ နာရီခွဲ တွင် မြစ်ကြီးနားမြို့ တပ်နယ် ခန်းမ၌ တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ နှင့်တွေ့ဆုံ၍ အမှာစကား ပြောကြားစဉ် တပ်မတော် ထမ်းဆောင် ရမည့် တာဝန်နှင့် စွမ်းရည် ထက်မြက်ရေး အတွက် လမ်းညွှန် မှာကြား ခဲ့သည်။ 

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က လမ်းညွှန် မှာကြားရာ၌ '' ယနေ့ တပ်မတော် သည် နိုင်ငံတော် သမ္မတ ၏ ဦးဆောင်မှု အောက်တွင် စနစ်တကျဖြင့် နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်လျက် ရှိကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ (၂ဝ)တွင် တပ်မတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက် သွားရမည့် တာဝန်ရှိ သည်ဟု အတိအလင်း ပြဋ္ဌာန်း ထားကြောင်း၊ ထို့ကြောင့် လက်နက် ကိုင်ပြီး အာဏာရ အောင် လုပ်ဆောင် နေသည့် မည်သည့် အဖွဲ့အစည်း ကိုမဆို လက်ခံမည် မဟုတ်ကြောင်း၊ လက်နက် ကိုင်ပြီး ပြည်သူလူထု အပေါ် ခြိမ်းခြောက် အနိုင်ကျင့် နေမှုများ၊ ဥပဒေမဲ့ လုပ်ဆောင် နေမှုများ ကိုလည်း ကာကွယ်ရန် တပ်မတော် တွင် တာဝန် ရှိကြောင်း၊ ဒေသအတွင်း တည်ငြိမ် အေးချမ်းရေး အတွက် စွမ်းစွမ်းတမံ ဆောင်ရွက် ခဲ့ကြသော စစ်သည် များအား ချီးကျူး မှတ်တမ်းတင် ပါကြောင်း၊ တပ်မတော် အနေဖြင့် ရှိသည့် အင်အားဖြင့် စွမ်းရည်ရှိပြီး စံချိန်မီသည့် တပ်မတော် တစ်ရပ် ဖြစ်ရေး ဥပဒေနှင့် အညီ လုပ်စရာ ရှိသည်များကို လုပ်ဆောင် သွားမည် ဖြစ်ကြောင်း '' ဖြင့် မှာကြား ခဲ့သည်။

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် အချုပ်အခြာ အာဏာပိုင် နိုင်ငံတိုင်း ၌ မလွဲမသွေ ရှိကြရမည့် ဥပဒေ ဖြစ်သည်။ နိုင်ငံ တစ်နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ရှုမြင် သုံးသပ်ခြင်း အားဖြင့် ယင်းနိုင်ငံ၏ ဥပဒေ ပြုရေး၊ အုပ်ချုပ်ရေး၊ တရား စီရင်ရေး ကဏ္ဍ၊ နိုင်ငံ အစိုးရ ဖွဲ့စည်းမှု၊ အစိုးရနှင့် ပြည်သူ ဆက်သွယ်မှု၊ အစိုးရ ကို ပြည်သူတို့က မည်သို့ မည်ပုံ ရွေးချယ်မှု၊ ယင်းနိုင်ငံ၏ စီးပွားရေး ကဏ္ဍ၊ နိုင်ငံခြား ဆက်သွယ်မှု ကဏ္ဍ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်မှု ကဏ္ဍ စသည်တို့ကို တွေ့နိုင်သည်။ ထို့ကြောင့် နိုင်ငံ တစ်နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် ယင်းနိုင်ငံ၏ ကြေးမုံပြင် ဟူ၍ ခေါ်စမှတ်ပြု ကြခြင်း ဖြစ်သည်။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်) ပုဒ်မ ၂ဝ ပုဒ်မခွဲ(စ) တွင် တပ်မတော် သည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက်ရန် အဓိက တာဝန် ရှိသည် ဟု ပြဋ္ဌာန်း ထားရာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ပြဋ္ဌာန်းချက် များကိုသော် လည်းကောင်း၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံနှင့် အညီ သက်ဆိုင်ရာ ဌာန အသီးသီးက ပြဋ္ဌာန်း ထားသော ဥပဒေ ပြဋ္ဌာန်းချက် များကိုသော် လည်းကောင်း ဆန့်ကျင် ချိုးဖောက်မှု များအား တပ်မတော်က တားဆီး ကာကွယ်ရန် တာဝန် ရှိသည်။ တပ်မတော် သည် ဗမာ့ လွတ်လပ်ရေး တပ်မတော် ဘဝမှစ၍ နယ်ချဲ့ ဆန့်ကျင်ရေး၊ ဖက်ဆစ် တော်လှန်ရေး၊ လုံးဝ လွတ်လပ်ရေး တိုက်ပွဲများတွင် ရှိသည့် အင်အားဖြင့် ဆင်နွှဲ အောင်ပွဲခံ ခဲ့သည့် စွမ်းရည်ရှိသော တပ်မတော် ဖြစ်သည်။

သို့ဖြစ်၍ ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေး ကာလတွင် ပြည်ထောင်စု တပ်မတော်သည် ရှိသည့် အင်အားဖြင့် စွမ်းရည် ထက်မြက်၍ စံချိန်မီသည့် တပ်မတော် ဖြစ်အောင် အရေအတွက် မှ အရည်အချင်း သို့ ကူးပြောင်း တည်ဆောက် ကြရမည် ဖြစ်ပေသည်။ ။

( အယ်ဒီတာ့အာဘော် )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger