တိုင်းပြည်နှင့် ပြည်သူကို ရှေးရှုသည့် သတင်းမီဒီယာ
ပြုပြင် ပြောင်းလဲမှု နှင့် ထင်သာမြင်သာ ရှိမှုတို့ကို ဆောင်ရွက် နေသော ယနေ့ ကာလတွင် မည်သည့် အရာကိစ္စ တွင်မဆို အကောင်း၊ အဆိုး၊ အပြု၊ အပျက်၊ အမှား၊ အမှန်တို့ ဒွန်တွဲပါလာ တတ်စမြဲ ဖြစ်သည်။ ထို အခြင်းအရာ များမှာ ဖုံး၍၊ ဖိ၍ ထားအပ်သော ကိစ္စရပ်များ အဖြစ် မတည်ရှိ တော့ဘဲ အများ သိရှိအောင် ထုတ်ဖော် ဖွင့်ဟခြင်း တို့ ပြုကြရမည် ဖြစ်ပေသည်။
ထိုသို့ ထုတ်ဖော် ဖွင့်ဟ ကြရာတွင် မီဒီယာ လုပ်ငန်းများ သည် တိုင်းပြည်နှင့် လူမျိုးအတွက် အလွန် အရေးပါ အရာရောက် သည့် အလွန် ထက်မြက်သော လက်နက် ဖြစ်ပေသည်။ ထိုလက်နက် သည် တိုင်းပြည်နှင့် လူမျိုးကို အကျိုး ရှိစေနိုင် သလို တိုင်းပြည်နှင့် လူမျိုးကို အကျိုးမဲ့ မှုလည်း ဖြစ်စေနိုင် ပေသည်။
ယခင်က မီဒီယာ လုပ်ငန်းများကို ဆောင်ရွက်ကြ သူများမှာ ပင်မနေရာ ဌာနများတွင် လက်ချိုး ရေတွက် နိုင်သည့် အပြင် အခြား နယ်မြို့များ တွင်လည်း သတ်သတ် မှတ်မှတ် ဆောင်ရွက် ကြသူများ ဖြင့် ထင်ထင်ရှားရှား ရှိသည်။ ယခုအခါ မီဒီယာ လောကသား များမှာ ခေတ်စနစ်၏ တောင်းဆိုချက် အရ သတင်းသမား အမျိုးအစား မျိုးစုံ၊ သတင်းလုပ်ငန်း မျိုးစုံဖြင့် ဌာန၊ ဒေသ၊ နိုင်ငံအနှံ့ တွင် ပေါ်ထွန်း လာခဲ့သည်။
မီဒီယာ လုပ်ငန်းများ ကို ဆောင်ရွက် သူတို့ အနေဖြင့် ခံယူချက် ပြည့်ဝရမည်။ ရည်မှန်းချက် ရှိရမည်။ တာဝန်သိ ရမည်။ ကျင့်ဝတ်များ၊ လုပ်ထုံး လုပ်နည်းများ၊ စည်းကမ်းများ ကို နားလည် ထားရမည် ဖြစ်ပေသည်။ မိမိတို့ ဆောင်ရွက်ချက် ဟူသရွေ့တို့သည် နိုင်ငံနှင့် ပြည်သူတို့၏ အကျိုးစီးပွားကို ရှေးရှု ကြရမည် ဖြစ်ပေသည်။
မီဒီယာ၏ သဘောမှာ လူထုဆန္ဒ၊ လူထုသဘော နှင့် အမှန်တကယ် ဖြစ်ပေါ် တိုးတက်မှု အပေါ် အခြေတည် ရသဖြင့် အမြဲတမ်း စာဖတ် ပရိသတ်နှင့် တစ်သားတည်း ရှိရပေမည်။ သို့သော် တကယ်တမ်း တွင် လိုရာဆွဲ၍ ပါသွား တတ်သည်ကို သတိမူ ရမည် ဖြစ်ပေသည်။
ကမ္ဘာ့ စာနယ်ဇင်း ကျင့်ဝတ်များ တွင် တရားမျှတ ရမည်။ တိကျ မှန်ကန် စေရမည် ရိုးသား ဖြောင့်မတ် ရမည်။ တာဝန်ရှိရှိ ရေးသားရမည်။ အမျက်ဒေါသ ကင်းစင်ရမည် ဟူသော အချက်တို့မှာ လက်တွေ့ လိုက်နာအပ်သည့် ကိစ္စရပ်များ ဖြစ်ပေသည်။
သို့ဖြစ်ရာ ယနေ့ သတင်းများသည် အနာဂတ် အတွက် သမိုင်းသဖွယ် ဖြစ်လာမည် ဖြစ်သောကြောင့် သတင်းသမားများ အနေဖြင့် တိုင်းပြည်နှင့် ပြည်သူအကျိုး ကို ရှေးရှုသော တိုင်းပြည် အခြေပြု၊ ပြည်သူ အခြေပြု သတင်း အချက်အလက် များကိုသာ ချပြသင့် ပါကြောင်း အကြံပြု ရေးသား လိုက်ရ ပေသည်။
( ၅-၂-၂၀၁၄ ရက် ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )





No comments:
Post a Comment