ဗီဇပြုပြင်နည်းပညာ နှင့် အော်ဂဲနစ် သီးနှံစိုက်ပျိုးရေး နည်းပညာ ကျယ်ပြန့်ထိရောက်စွာ အသုံးပြု
ကမ္ဘာ့ ကုလသမဂ္ဂ ထောင်စုနှစ်သစ် ရည်မှန်းချက် များမှ ဆင်းရဲမှုနှင့် ငတ်မွတ် ခေါင်းပါးမှု လျှော့ချရေး အတွက် စားနပ်ရိက္ခာ ဖူလုံရေးသည် အဓိက ကျသော အခန်းကဏ္ဍ၌ ပါဝင်သဖြင့် ကုလသမဂ္ဂ စားနပ်ရိက္ခာ နှင့် စိုက်ပျိုးရေး အဖွဲ့အနေဖြင့် နိုင်ငံတကာ နှင့် ပူးပေါင်း၍ စိုက်ပျိုးရေး လုပ်ငန်းများ ဖြစ်ထွန်း အောင်မြင်ရေး ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်။
တိုးတက် လာနေသော ကမ္ဘာ့ လူဦးရေ အတွက် လိုအပ်သည့် စားနပ်ရိက္ခာကို သမားရိုးကျ စိုက်ပျိုးနည်း စနစ်ဖြင့် စိုက်ပျိုး ထုတ်လုပ်မှု မလုံလောက် တော့သဖြင့် ဗီဇပြုပြင် သီးနှံ စိုက်ပျိုး ထုတ်လုပ် ခြင်းဖြင့် စားနပ်ရိက္ခာ လုံလောက်အောင် ပညာရှင် များက ကြိုးပမ်း နေကြသည်။ ဗီဇပြုပြင် သီးနှံ စိုက်ပျိုးမှု သည် ၂ဝဝ၆ ခုနှစ်မှ စတင်၍ အရှိန်အဟုန်ဖြင့် တိုးတက် လာခဲ့ပြီး ဗီဇပြုပြင် သီးနှံများ စိုက်ပျိုးရာ၌ သီးနှံ အထွက်တိုးခြင်း နှင့် အာဟာရ ဓာတ် ပိုမို ကြွယ်ဝစွာ ပါဝင်ခြင်း တို့ကြောင့် စိုက်ပျိုး ထုတ်လုပ်သူ နှင့် စားသုံးသူတို့ အတွက်ပါ သင့်လျော်ကြောင်း လူအများ လက်ခံ လာကြသည်။
ဗီဇပြုပြင် သီးနှံများ စိုက်ပျိုးရာတွင် ဓာတု ပိုးသတ်ဆေး သုံးစွဲရန် မလိုသဖြင့် ပိုးသတ်ဆေး၏ ဆိုးကျိုးများ ကင်းဝေး စေသည်။ စိုက်ခင်းများတွင် မဖြစ်မနေ သုံးစွဲရသော ပေါင်းသတ်ဆေး များက သီးနှံပင် များအား အနည်းနှင့် အများ ထိခိုက် နိုင်ခြင်းကြောင့် မျိုးဗီဇ ပြုပြင်သီးနှံ မျိုးများတွင် ပေါင်းသတ်ဆေး ဒဏ်ခံနိုင်ရည် ရှိစေသော ဇီဝ နည်းပညာဖြင့် ပြုပြင် ထားသည့် အားသာချက် ရှိသည်။ နိုင်ငံ အသီးသီး၌ စိုက်ပျိုးလျက် ရှိသည့် ဗီဇပြုပြင် သီးနှံများတွင် အများဆုံး စိုက်ပျိုး နေကြသည့် သီးနှံများမှာ ပဲပုပ် ၅၂ ရာခိုင်နှုန်း ၊ ပြောင်းဖူး ၂၉ ဒသမ ၈ ရာခိုင်နှုန်း ၊ ဝါ ၁၂ ဒသမ ၄ ရာခိုင်နှုန်း နှင့် စပျစ် ၄ ဒသမ ၇ ရာခိုင်နှုန်း အသီးသီး ဖြစ်သည်။
ယနေ့ မြန်မာနိုင်ငံ စိုက်ပျိုးရေး လုပ်ငန်းများ၌ အပင်နှင့် သီးနှံများအား ပိုးမွှား ရောဂါ အန္တရာယ်မှ ကာကွယ်ရန် အချို့သော နေရာများ၌ အာနိသင် မရှိသော ပိုးသတ်ဆေးများ သုံးစွဲမိ၍ သီးနှံများ ထိခိုက် ဆုံးရှုံးမှု ရှိပြီး အချို့ နေရာများ၌ အာနိသင် ပြင်းထန်သော ပိုးသတ်ဆေးများ သုံးမိ၍ ဓာတ်ကြွင်း အာနိသင် များကြောင့် စားသုံးသူ များနှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုများ ရှိနိုင်ကြောင်း လေ့လာ သူများက သုံးသပ် ကြသည်။
သစ်သီးဝလံများ စိုက်ပျိုး ထုတ်လုပ် ကြရာ၌ ပိုးမွှား ရောဂါ ကျရောက် ဖျက်ဆီးမှု ကာကွယ် တားဆီးရေးနှင့် တာရှည် သိုလှောင် ထားနိုင်ရေး တို့အတွက် ပိုးသတ်ဆေး၊ မှိုသတ်ဆေး နှင့် အခြား ဓာတုပစ္စည်းများ သုံးစွဲလျက် ရှိသည်။
စိုက်ပျိုးရေးဆေး သုံးစွဲ စိုက်ပျိုးကြ သူများ၊ သီးနှံ သိုလှောင်သူများ၊ စားသုံးသူများ အတွက် အန္တရာယ် မရှိစေရန် နိုင်ငံတကာ ကွန်ဗင်းရှင်းက သဘောတူညီ တားမြစ်ထားသော အဆိပ်သင့်မှု ပြင်းထန်သည့် ပိုးသတ်ဆေးများ နှင့် ပတ်ဝန်းကျင် တွင် ဓာတ်မပြယ်ဘဲ အဆိပ် အာနိသင် အချိန် ကြာမြင့်စွာ ကျန်ရှိနိုင်သည့် ပိုးသတ်ဆေး များကို သုံးစွဲခွင့်နှင့် တင်သွင်းခွင့် တို့အား နိုင်ငံတော်တွင် ဥပဒေ ပြဋ္ဌာန်း ပိတ်ပင် ထားသည်။
၂၁ ရာစု နှစ်သစ်တွင် ရိက္ခာပိုမို စိုက်ပျိုး ထုတ်လုပ်နိုင်ရေး အတွက် ဗီဇပြုပြင် သီးနှံစိုက်ပျိုး နည်းပညာ နှင့် အော်ဂဲနစ် စိုက်ပျိုးရေး နည်းပညာ တိုးတက် အသုံးပြုရေး သည် စိုက်ပျိုး ထုတ်လုပ်သူမှ စားသုံးသူအထိ လုပ်ငန်းစဉ် တစ်ခုလုံးတွင် ပါဝင်သူ အားလုံး အန္တရာယ် ကင်းသည့် နည်းစနစ်များ ဖြစ်ခြင်းကြောင့် စိုက်ပျိုးရေး နိုင်ငံများ အတွက် ကျယ်ပြန့် ထိရောက်စွာ အသုံးပြု သင့်သော နည်းပညာများ ဖြစ်ပေသည်။ ။
( ၅-၂-၂၀၁၄ ရက် မြ၀တီနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )
No comments:
Post a Comment