www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 24, 2014

နွေရာသီလျှပ်စစ်ဓာတ်အား လိုအပ်ချက် လျော့နည်းရေး


နွေရာသီလျှပ်စစ်ဓာတ်အား လိုအပ်ချက် လျော့နည်းရေး

ယနေ့ နိုင်ငံတော်တွင် ပြည်သူတို့၏ လူနေမှု စနစ် မြင့်မား လာသည်နှင့် အမျှ လျှပ်စစ် ဓာတ်အား လိုအပ်ချက် ပိုမို များပြား လာနေပြီ ဖြစ်သည်။ မြန်မာ တစ်နိုင်ငံလုံး ဂျီဒီပီ တိုးတက်မှု နှုန်းနှင့် လူဦးရေ တိုးတက်မှု နှုန်းကို အခြေခံ တွက်ချက်မှု များအရ နှစ်စဉ် လျှပ်စစ် ဓာတ်အား လိုအပ်ချက် ၁၃ ရာခိုင်နှုန်း တိုးတက် လာမည် ဖြစ်သည်။

တိုးတက် လာမည့် လျှပ်စစ် ဓာတ်အား လိုအပ်ချက်များ ဖြည့်ဆည်း ပေးနိုင်ရန် လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန က ဆောင်ရွက် လျက်ရှိရာ နိုင်ငံတကာ ရင်းနှီး မြှုပ်နှံမှု နှင့် ပုဂ္ဂလိက ရင်းနှီး မြှုပ်နှံမှု များဖြင့် ပေါင်းစပ် ဆောင်ရွက် သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ လျှပ်စစ် ဓာတ်အား ထုတ်လုပ်မှု လက်ရှိ အခြေအနေ မှာ ရေအား လျှပ်စစ်မှ ၇၄ ရာခိုင်နှုန်း၊ သဘာဝ ဓာတ်ငွေ့မှ ၂၃ ရာခိုင်နှုန်း နှင့် ကျောက်မီးသွေး မှ ၃ ရာခိုင်နှုန်း အသီးသီး ရှိကြောင်း ဂျပန်နိုင်ငံမှ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ အကူအညီဖြင့် ဆောင်ရွက် နေသော Master Plan Study ၏ ကြားဖြတ် အစီရင်ခံစာ အရ သိရသည်။ ထို့အပြင် ၂ဝ၁၅ - ၂ဝ၁၆ ခုနှစ်တွင် လျှပ်စစ် ဓာတ်အား ထုတ်လုပ်မှုကို ရေအား လျှပ်စစ်မှ ၄၈ ရာခိုင်နှုန်း၊ သဘာဝ ဓာတ်ငွေ့မှ ၄၄ ရာခိုင်နှုန်း၊ ကျောက်မီးသွေး မှ ၆ ရာခိုင်နှုန်း၊ နေရောင်ခြည် နှင့် လေစွမ်းအင် မှ ၂ ရာခိုင်နှုန်း ထုတ်လုပ် နိုင်ရေး ဆောင်ရွက်ရန် အကြံပြု ထားသည်။

လက်ရှိ လျှပ်စစ် ဓာတ်အား ထုတ်လုပ် နေသော ရေအား လျှပ်စစ် စီမံကိန်း များတွင် မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည် မြို့နယ်အတွင်း မြစ်ငယ်မြစ် (ဒုဋ္ဌဝတီ) ပေါ်တွင် တည်ဆောက် ထားသည့် ရဲရွာ ရေအား လျှပ်စစ် ဓာတ်အားပေး စက်ရုံမှ ၇၉ဝ မဂ္ဂါဝပ် ထုတ်လုပ် ပေးလျက် ရှိသည်။ ရဲရွာ ရေလှောင် တမံရှိ လျှပ်စစ် ဓာတ်အားပေး စက်ရုံတွင် တာဘိုင်စက် တစ်လုံးလျှင် ၁၉၇ ဒသမ ၅ မဂ္ဂါဝပ် ထုတ်လုပ် နိုင်သည့် စက်လေးလုံး တပ်ဆင်ခြင်း လုပ်ငန်း များကို ၂ဝဝ၁ - ၂ဝဝ၂ ဘဏ္ဍာရေးနှစ် မှစတင်ခဲ့ရာ ၂ဝ၁ဝ ပြည့်နှစ် ဒီဇင်ဘာ ၁၅ ရက်တွင် ပြီးစီးခဲ့သည်။

နွေရာသီ မိုးရွာသွန်းမှု မရှိသဖြင့် မြစ်ချောင်းများ ရေစီးဆင်းမှု လျော့နည်း လာခြင်းကြောင့် ရေအား လျှပ်စစ် ထုတ်လုပ်မှု အားနည်း လာချိန်တွင် ပြည်သူများက လျှပ်စစ် ဓာတ်အား သုံးစွဲမှု ပိုမိုများပြား လာခြင်းကြောင့် ဓာတ်အား မလုံလောက် မှုနှင့် တွေ့ကြုံ ရခြင်း ဖြစ်သည်။ လူဦးရေ ထူထပ်သော ရန်ကုန် နှင့် မန္တလေး မြို့ကြီး များတွင် လျှပ်စစ် ဓာတ်အား လိုအပ်ချက်ပိုမို များပြား ကြသည်။ ရန်ကုန်မြို့ အတွက် လျှပ်စစ် ဓာတ်အား လိုအပ်ချက်မှာ ၁ဝဝဝ မဂ္ဂါဝပ် ရှိသည့် အနက် ၂ဝ၁၃ ခုနှစ် နွေရာသီ တွင် ရန်ကုန်မြို့ရှိ သဘာဝ ဓာတ်ငွေ့သုံး စက်ရုံများမှ မဂ္ဂါဝပ် ၂၈ဝ သာ ထုတ်လုပ် နိုင်သဖြင့် လိုအပ် သည့် မဂ္ဂါဝပ် ၇၂ဝ ကို မဟာ ဓာတ်အား လိုင်းမှ ဖြည့်တင်း ပေးခဲ့ရသည်။ ယခု ၂ဝ၁၄ ခုနှစ်တွင် ထိုင်းနိုင်ငံမှ ရရှိသည့် သဘာဝ ဓာတ်ငွေ့သုံး စက်နှစ်လုံး၊ ပုဂ္ဂလိက စက်ရုံ လေးရုံ နှင့် မူလရှိပြီး သဘာဝ ဓာတ်ငွေ့သုံး စက်ရုံများ ပူးပေါင်း၍ ၆၆၅ မဂ္ဂါဝပ်ခန့် ထုတ်လုပ် နိုင်မည် ဖြစ်သည့် အတွက် လိုအပ်ချက် ပြည့်မီရန် ၃၃၅ မဂ္ဂါဝပ် ရှိမည် ဖြစ်သည်။

၂ဝဝဝ ပြည့်နှစ် ဝန်းကျင်က လေ့လာ တွေ့ရှိမှု အရ ရန်ကုန်မြို့ တွင် မိသားစု တစ်စုတိုင်း အနေဖြင့် တစ်နေ့တာ အတွက် လေးပေ မီးချောင်း တစ်ချောင်း ပိတ်ထားပြီး လျှပ်စစ် ဓာတ်အား ချွေတာ သုံးစွဲခြင်းဖြင့် ၂၅ မဂ္ဂါဝပ် ထုတ်လုပ် နိုင်သော လျှပ်စစ် ဓာတ်အားပေး စက်ရုံတစ်ရုံ တည်ဆောက် သည်နှင့် ညီမျှကြောင်း သိရသည်။

သို့ဖြစ်၍ နွေရာသီတွင် မြင့်မား လာသော လျှပ်စစ် ဓာတ်အား လိုအပ်ချက် လျော့နည်းရေး အတွက် မိသားစု တိုင်းက လျှပ်စစ်မီး ချွေတာ သုံးစွဲခြင်း ဖြင့် လည်းကောင်း၊ ရုံး၊ ဌာနများမှ မလိုသော မီးကို ပိတ်၍ လည်းကောင်းချွေတာ သုံးစွဲကြရန် လိုအပ် ပေသည်။ ။

( ၂၄-၂-၂၀၁၄ ရက် မြ၀တီနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger