www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 17, 2014

မြန်မာ့ယဉ်ကျေးမှုလက်ရာ များဖြင့် မွမ်းမံ ပြင်ဆင်ထားသော ရွေ့လျား ကရ၀ိတ် ရေပေါ်ဟိုတယ် ၈၀ ရာခိုင်နှုန်း ပြီးစီး



မန္တလေး ၊ ၁၇-၁-၂၀၁၄

နိုင်ငံတော် အစိုးရ အနေဖြင့် ပုဂ္ဂလိက တိုင်းရင်းသား လုပ်ငန်းရှင် တို့၏ လုပ်ကိုင်ခွင့် များကို ဦးစားပေး လုပ်ဆောင် ပေးလျက်ရှိသည် နှင့်အညီ မန္တလေးမြို့မှ မြန်မာ အမျိုးသား တစ်ဦးသည် ကောင်းမွန်သော စိတ်ကူးဖြင့် ကမ္ဘာလှည့် ခရီးသွားများ နှစ်သက်နိုင်မည့် ရွေ့လျား ရေပေါ် ကရဝိတ် ဟိုတယ် တည်ဆောက် ခဲ့ပြီ ဖြစ်သည်။

ယနေ့ အချိန်တွင် ကမ္ဘာအရပ်ရပ် က နိုင်ငံခြား ခရီးသွားများ အနေဖြင့် မြန်မာနိုင်ငံ သို့ စိတ်ဝင်စားမှု အများဆုံး ရှိနေသကဲ့သို့ လာရောက် လည်ပတ်သူ ဦးရေမှာ တိုးတက် များပြား လာသည်ဖြစ်၍ အဆင့်မြင့် ဟိုတယ်များ သာမက ဝန်ဆောင်မှု လုပ်ငန်းများ တိုးချဲ့ လုပ်ဆောင်နေ ကြသည်။ ကမ္ဘာလှည့် ခရီးသွားများ အထူး စိတ်ဝင်စားမည့် မြန်မာ့ ယဉ်ကျေးမှု လက်ရာများဖြင့် မွမ်းမံပြင်ဆင် ထားသော ရွေ့လျား ကရဝိတ် ရေပေါ်ဟိုတယ် ကို မန္တလေး ဆိပ်ကမ်းတွင် အချောသတ် တည်ဆောက် လျက်ရှိရာ ၈ဝ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရေကြောင်း ပို့ဆောင်ရေး သင်္ဘောကျင်း ဆိပ်ကမ်း၌ မွမ်းမံနေပြီး ရေယာဉ်တွင် မြင်းကောင်ရေ ၃၆ဝဝ ရှိ အင်ဂျင်နှစ်လုံး တပ်ဆင် ထားကြောင်း ၊ အလျားပေ ၂၅ဝ ၊ အကျယ်ပေ ၇ဝ ၊ ရေစူးအမြင့် လေးပေခွဲ ရှိ၍ နှစ်ထပ်ဖြစ်ပြီး အခန်းပေါင်း ၃၈ ခန်း ပါဝင်ကြောင်း ၊ ပြီးစီးသွားပါက အလုပ်သမား ဦးရေ ၈ဝ ခန့်အား အလုပ်အကိုင် အခွင့်အလမ်း ရရှိစေမည် ဖြစ်ကြောင်း သိရသည်။

ပို့ဆောင်ပေးမည့် ခရီးစဉ်မှာ မန္တလေး - မင်းကွန်း - ရွှေကြက်ယက် တို့ဖြစ်ပြီး ကမ္ဘာလှည့် ခရီးသွားများ က တောင်းဆို လာလျှင် ဗန်းမော်ရွှေကူ စသည့် အခြား ဆိပ်ကမ်းမြို့ များသို့ ပို့ဆောင်ရန် စီစဉ်ပေးမည် ဖြစ်၍ ဧရာဝတီ မြစ်ကြီး၏ သဘာဝ အလှတရား များကို ခံစားကြည့်ရှု နိုင်မည် ဖြစ်သည်။

ပွင့်လင်း မြင်သာသည့် အချိန်တွင် ဧရာဝတီမြစ်၏ အလှအပများ ၊ မြန်မာတို့၏ လူနေမှု သဘာဝ အခြေအနေများ ၊ မပျက်စီး သေးသည့် တောတောင် ရေမြေရှုခင်း များနှင့်အတူ မြန်မာ့ ယဉ်ကျေးမှု များကို ကမ္ဘာက သိအောင်ပြသ နိုင်သကဲ့သို့ ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များကို ဆွဲဆောင် နိုင်မည် ဖြစ်သည်။

'' နှစ်ထပ်ဆောင် အပေါ်ထပ်မှာ လေသာဆောင် ဟင်းလင်းပြင် ပါလို့ မင်္ဂလာ ဧည့်ခံပွဲတွေ ကျင်းပချင်ရင် လက်ခံ ပေးသွားမှာပါ။ ကမ္ဘာလှည့် ခရီးသွားတွေ စိတ်ဝင်စားအောင် ပန်းချီပြပွဲ ၊ ရုပ်သေးပြပွဲ ၊ မြန်မာ့ရိုးရာ ခြင်းလုံးအလှပြ ကစားတာတွေ စီစဉ် ထားပေးမယ် ... '' ဟု GC ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ကပြောပြသည်။

ဝန်ဆောင်ခ ဈေးနှုန်းများကို လက်ရှိ အချိန်တွင် မသိရသေး သော်လည်း ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း တာဝန်ရှိ သူများနှင့် ညှိနှိုင်း သတ်မှတ် သွားမည် ဖြစ်ကြောင်း ၊ ဆိပ်ကမ်းနေရာ ရရှိရေး အတွက် ရေအရင်း အမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနသို့ တင်ပြ လျှောက်ထားဆဲ ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger