www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 6, 2014

ကောင်းမွန်သော ဆောင်ရွက်မှု


ကောင်းမွန်သော ဆောင်ရွက်မှု

နိုင်ငံ တစ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရာတွင် ထိုနိုင်ငံ၏ အုပ်ချုပ်ရေး ယန္တရား စွမ်းဆောင်ရည် ထက်မြက်မှု အပေါ်တွင် အဓိက တည်မှီ နေပေသည်။ အုပ်ချုပ်ရေး ယန္တရား စွမ်းဆောင်ရည် ထက်မြက်အောင် စွမ်းဆောင် နိုင်ခြင်း ၊ မစွမ်းဆောင် နိုင်ခြင်း အပေါ် မူတည်၍ အောင်မြင်ခြင်း ၊ မအောင်မြင်ခြင်း တို့ ဖြစ်ပေါ် လာရပေသည်။

ထို အောင်မြင်ခြင်း ၊ မအောင်မြင်ခြင်း တို့မှာ မိမိနိုင်ငံ ၊ မိမိ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်မှု အခြေအနေ တို့နှင့် ဒေသခံ ပြည်သူတို့၏ စိတ်နှလုံး ချမ်းမြေ့မှု ၊ ကျေနပ် နှစ်သက် လက်ခံမှု အတိုင်းအတာ ပေါ်တွင် မူတည် ပေသည်။

နိုင်ငံတော်ကို ဖွံ့ဖြိုး တိုးတက်အောင် လုပ်ကိုင် ဆောင်ရွက် ရာတွင် ယခင် လုပ်နည်း ကိုင်နည်း အဟောင်းများမှာ ယခု တိုးတက် လာသော ခေတ်စနစ်သစ် နှင့် အံမဝင် ခွင်မကျ ဖြစ်ကြရသည်။ ခေတ်သစ် စနစ်သစ်ကို လုပ်နည်း ကိုင်နည်း အသစ်များဖြင့် လုပ်ကိုင် ဆောင်ရွက် ကြရမည် ဖြစ်သည်။

ပြုပြင် ပြောင်းလဲမှု များကို ဆောင်ရွက် ရာ၌ လက်တွေ့တွင် အချို့ နေရာများ၌ လုပ်နည်း ကိုင်နည်း စနစ်ဟောင်းများ ဆက်လက် လုပ်ကိုင် နေကြဆဲ ဖြစ်သည်ကို တွေ့ရပေသည်။ ထိုသို့ ဖြစ်ရသည် မှာလည်း နဂို အမူအကျင့် များကို မဖျောက်ဘဲ အမူအကျင့် ဟောင်းများဖြင့် ဆက်လက် ကိုင်စွဲ လုပ်ကိုင် နေကြ၍ ဖြစ်သည်။

အထူးသဖြင့် မြို့နယ် ၊ ရပ်ကွက် ၊ ကျေးရွာ များရှိ ပြည်သူတို့၏ လူမှုဘဝ အဆင်ပြေ ချောမွေ့ စေရေးအတွက် လိုအပ်ချက် များကို ဆောလျင်စွာ လုပ်ကိုင် ဆောင်ရွက် ပေးကြရမည် ဖြစ်သည်။

ယနေ့ အချိန်အခါ တွင် နိုင်ငံသား အားလုံးက သာမက နိုင်ငံတကာ ကပါ ကောင်းမွန်သော အုပ်ချုပ်မှု ၊ စီမံခန့်ခွဲမှု ရှိ ၊ မရှိ အကဲခတ် လေ့လာ သုံးသပ် ဆုံးဖြတ်မှု ပြုလျက် ရှိသည်။ လက်ရှိတွင် အားနည်းချက်များ ရှိနေသေးရာ ယနေ့မှ စ၍ ချို့ယွင်းချက် ၊ အားနည်းချက်များ မရှိစေရန် အလေးထား လုပ်ဆောင် ကြရမည် ဖြစ်သည်။

စီမံခန့်ခွဲမှု ပြုကြသူ တို့တွင် ပြည်သူ့ဝန်ထမ်း အပါအဝင် အားလုံးသော ပြည်သူ့ ဘဏ္ဍာကို ရယူခံစားကြ သူများသည် ပြည်သူ့ဝန်ကို ကျေပွန်စွာ ထမ်းဆောင် ကြဖို့ လိုပေသည်။ အမျိုးသားရေး စိတ်ဓာတ် တစ်ဦးချင်း ၊ တစ်ဌာနချင်း ကောင်းအောင် ပြုပြင်ခံယူ ကျင့်ကြံ လုပ်ကိုင် ဆောင်ရွက် ကြရမည် ဖြစ်သည်။

သို့ဖြစ်ရာ ပြည်သူ့ ဝန်ထမ်း များသည် မိမိတာဝန် ကျရာ အပိုင်းကဏ္ဍ များတွင် နိုင်ငံအကျိုး ၊ ပြည်သူ့ အကျိုးကို စေတနာ ကောင်းဖြင့် စီမံခန့်ခွဲမှုများ ပြု၍ ဒီမိုကရေစီ ကျင့်စဉ်နှင့် လိုက်လျော ညီထွေရှိမည့် နိုင်ငံရေး အမြင် ၊ စီးပွားရေး အမြင် ၊ လူမှုရေး အမြင် ၊ အုပ်ချုပ်ရေး အမြင်များ ကျယ်ကျယ် ပြန့်ပြန့် တွေးခေါ် မြော်မြင် လုပ်ဆောင် ရမည် ဖြစ်ကြောင်း တိုက်တွန်း ရေးသား လိုက်ရပေသည်။

( ၆-၁-၂၀၁၄ ရက် ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger