www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, December 22, 2013

ကြိုးစားပြင်ဆင် အောင်ပွဲဝင်


ကြိုးစားပြင်ဆင် အောင်ပွဲဝင်

ဒီဇင်ဘာ ၁၉ရက် က အခြေခံပညာ အထက်တန်း (တက္ကသိုလ်ဝင်တန်း) စာမေးပွဲ အချိန်စာရင်း များကို ထုတ်ပြန်ရာ ၂ဝ၁၄ ခုနှစ် မတ်လ ၁၂ ရက်တွင် စတင်ဖြေဆို ကြရမည် ဖြစ်ကြောင်း သိရသည်။ ဤသို့ အချိန်စာရင်း ထုတ်ပြန် လိုက်ခြင်းသည် တက္ကသိုလ် ဝင်တန်း စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား ၊ ကျောင်းသူ များကို စာမေးပွဲကြီး ဖြေဆိုရန် နီးလာပြီ ဖြစ်ကြောင်း သတိပေး နှိုးဆော် လိုက်ခြင်း ဖြစ်သည်။

ဤသို့ဖြင့် စာမေးပွဲကြီး အတွက် လျော့နည်း နေသော ခွန်အားများ တိုးပွား စေသည်။ ကျန်နေသည့် သင်ရိုးများ ကုန်စေရန် အားထုတ် စေသည်။ သင်ကြားပြီး သင်ခန်းစာများ ကျေညက် စေရန် ပြန်လှန် လေ့ကျင့်ခန်း များ ပြုလုပ် နိုင်ကြမည် ဖြစ်သည်။ ဤအချိန်သည် ကျောင်းသား ၊ ကျောင်းသူ များ သာမက ပညာရေးကို အထူး စိတ်ဝင်စား သည့် မိဘများလည်း လှုပ်လှုပ်ရှားရှား ဖြစ်လာ ကြသည်။ ကျောင်းသား ၊ ကျောင်းသူများ အထူး သတိပြုရန်မှာ ကျန်းမာရေး ပင် ဖြစ်သည်။ စာကြိုးစားသော ကျောင်းသား ၊ ကျောင်းသူများ အနေဖြင့် တစာစာ လုပ်နေသည့် အပြင် ကျန်းမာရေး ကိုလည်း အထူး ဂရုပြု ကြရမည် ဖြစ်သည်။ ကျန်းမာရေး ကို ဂရုမပြု နိုင်ပါက ကြိုးစားသမျှ အချည်းအနှီး ဖြစ် သွားပေမည်။

ပြန်လှန် လေ့ကျင့်ခန်း ပြုလုပ်ရာတွင် ကျောင်းသား ၊ ကျောင်းသူ အများစု ပြုလုပ်လေ့ ရှိကြ သကဲ့သို့ အချိန်ဇယား ဆွဲ၍ လေ့ကျင့်ခြင်း ပြုလုပ် ရမည် ဖြစ်သည်။ အချိန်ဇယား ဆွဲရာတွင် မိမိ အားနည်းချက် ၊ အားသာချက် ရှိသည့် ဘာသာရပ် အလိုက် အချိန် အနည်းအများ ခွဲဝေကာ သတ်မှတ် ထားသည့် အချိန်ဇယား အတိုင်း မပျက်မကွက် လိုက်နာ ဆောင်ရွက်ရန် လိုသည်။

မိဘများ အနေဖြင့်လည်း ဤအချိန်သည် အတန်းတင် စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား ၊ ကျောင်းသူများ ကို အထူး ဂရုပြု ကြပ်မတ် ပေးကြရန် လိုပေသည်။ အပျော်အပါး များကို လျှော့စေခြင်း ၊ ကျောင်းသား ၊ ကျောင်းသူ များ၏ စာသင်ချိန် ၊ စာကြည့်ချိန် ကိုယူ၍ အသုံးချခြင်း ၊ လျော့ပါး စေမည့် အမှုကိစ္စ တို့ကို ရှောင်ရှား သင့်သည်။ ကလေးများ အချိန်မှန်မှန် စာကြည့် နိုင်ရေးနှင့် ကျန်းမာစွာ နေနိုင်ရေး တို့အတွက်သာ ဖြည့်ဆည်း ပေးရမည် ဖြစ်သည်။

သို့ဖြစ်ရာ စာမေးပွဲ များသည် ကျောင်းသား ၊ ကျောင်းသူများ ၏ ပညာ အရည်အချင်း အစစ်အမှန် ကို စိစစ် အကဲဖြတ် ခြင်းဖြစ်သော ကြောင့် မိမိတို့ ကျောင်းသား ၊ ကျောင်းသူများ ဘက်မှ ဘာသာရပ် တိုင်းတွင် ထူးချွန်ရမည် ဟူသော စိတ်ဓာတ်ဖြင့် ဇွဲ ၊ လုံ့လ ၊ ဝီရိယကို ရင်းကာ ကြိုးစား ပြင်ဆင်ထား လျှင် ဂုဏ်ထူးပန်ဆင် အောင်ပွဲဝင် နိုင်မည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရပေသည်။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger