www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 1, 2013

ကုသိုလ်တော် ဘုရားရှိ ရှေးဟောင်း ကျောက်စာများ ရေရှည်တည်တံ့စေရန် အဆင့်မြင့် နည်းပညာများဖြင့် ထိန်းသိမ်း စောင့်ရှောက်မည်



မန္တလေး ၊ ၁-၁၁-၂၀၁၃

မန္တလေး တောင်ခြေရှိ ကုသိုလ်တော် ဘုရားဝင်း အတွင်းရှိ ကျောက်စာချပ် များကို ယူနက်စကို မှ ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ် တစ်ခုအဖြစ် သတ်မှတ် ထားပြီးဖြစ်ရာ နှစ်ပေါင်း ၁၅ဝ ကျော် သက်တမ်းရှိ အဆိုပါ ကျောက်စာချပ် များ ရေရှည်တည်တံ့ စေရေးအတွက် ခေတ်မီနည်း ပညာများ အသုံးပြု၍ ထိန်းသိမ်း စောင့်ရှောက်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

ရှေးဟောင်း သုတေသန အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန (မန္တလေး)မှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက် အရ အဆိုပါ ကျောက်စာချပ် များသည် အချပ်ရေ ၇၂၉ ချပ်ရှိပြီး နှစ်ပေါင်းများစွာ သက်တမ်းရှိပြီ ဖြစ်သောကြောင့် ကျောက်စာချပ် အချို့တွင် ကွဲအက် နေခြင်းနှင့် အတူ ကျောက်သား အတွင်း ပိုးဝင်နေခြင်းများ ဖြစ်ပေါ် နေသောကြောင့် ခေတ်မီ ဓာတုဗေဒ နည်းပညာဖြင့် အသုံးပြု ထိန်းသိမ်း သွားမည် ဖြစ်ကြောင်း ၊ကျောက်စာချပ်များ ရေရှည် တည်တံ့စေရေး အတွက် အနှောင့်အယှက် ဖြစ်စေ နိုင်သည့် ကိစ္စများကိုလည်း ကုသိုလ်တော်ဘုရားဂေါပက အဖွဲ့နှင့်အတူ ပူးပေါင်းကာ တားမြစ် အရေးယူ သွားမည် ဖြစ်ကြောင်း သိရသည်။

'' ယူနက်စ်ကို စာရင်းဝင် နေပြီဖြစ်တဲ့ ကုသိုလ်တော် ဘုရား ကျောက်စာချပ် တွေကို ရေရှည် တည်တံ့အောင် ထိန်းသိမ်းဖို့ လိုပါတယ်။ အချို့ကျောက်စာ တွေမှာ ကွဲအက် နေတာတွေ ဒီထက်ပိုဆိုး မသွားရန် ပြုပြင်ပေး ရသလို အများ အားဖြင့် ကျောက်သားထဲမှာ ဝင်နေတဲ့ ပိုးတွေ သန့်စင်ဖို့ ဓာတုဗေဒ ဆေးရည်ကို အသုံးပြု ပေးရပါတယ်။ အထင်သေးခံ ရနိုင်တဲ့ ရည်းစား ချိန်းတွေ့ နေတာမျိုး အချို့ နေရာတွေမှာ အညစ်အကြေး စွန့်တာမျိုးတွေ မရှိစေဖို့ အတွက်လည်း ကုသိုလ်တော် ဘုရားဂေါပက အဖွဲ့နှင့် ညှိနှိုင်း ဆောင်ရွက် သွားမှာပါ။ ရှေးဟောင်း သုတေသန ဌာနက ဝန်ထမ်းတွေက ကျောက်စာချပ် တွေနဲ့ ပတ်သက်ပြီး တစ်ပတ်တစ်ကြိမ် ပုံမှန် စစ်ဆေးပေး နေပါတယ် .. .. '' ဟု ၄င်းက ဆက်လက် ပြောပြသည်။


ကုသိုလ်တော် ဘုရားသည် မန္တလေး မြို့တည် နန်းတည် သတ္တဌာန ခုနစ်ဌာနတွင် တစ်ခု အပါအဝင် ဖြစ်ရာ မန္တလေးမြို့သို့လာရောက် လည်ပတ်သည့် နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ လည်း သွားရောက် လေ့လာသည့် သမိုင်းဝင် နေရာ တစ်ခုဖြစ်သည်။ ဘုရားဝင်းရှိ မဟာရံ တံတိုင်းများ အတွင်း မြနန်းစံကျော် ရွှေနန်းတော်ကြီး ပေါ်တွင် ပဉ္စသင်္ဂါယနာ တင်ခဲ့သည့် ကျောက်စာချပ် များကို သီဟိုဠ် စွယ်တော်ကြုပ်ပုံ ဓမ္မစေတီ များဖြင့် ကျောက်စာ တစ်ချပ်လျှင် တစ်ဆူနှုန်း တည်ထားရာ ကမ္ဘာ့ အကြီးဆုံး စာအုပ်ကြီး အဖြစ် ကျော်ကြားသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger