www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 23, 2013

သတိပြုဖွယ် ဆေးလိပ် နှင့် ဆေးရွက်ကြီး အန္တရာယ်


သတိပြုဖွယ် ဆေးလိပ် နှင့် ဆေးရွက်ကြီး အန္တရာယ်

အယ်ဒီတာ့အာဘော်
( ၂၃-၁၀-၂၀၁၃ )

ဆေးရွက်ကြီး သည် တစ်ရာသီသာ ခံသော အရွက်ကြီးမျိုး ဖြစ်ပြီး စီးပွားဖြစ် စိုက်ပျိုးသော မူလ ဆေးရွက်ကြီး မျိုးမှာ နီကိုရှီယားနား တက်ဘကန် ဖြစ်သော်လည်း ကမ္ဘာ့ အရှေ့ခြမ်း တွင် နီကိုရှီယားနား ရပ်စတီကာ မျိုးကို ပို၍ စိုက်ပျိုး သုံးစွဲ ကြသည်။ နယ်မြေသစ် ရှာဖွေသူ ဥရောပ တိုက်သား ခရစ္စတိုဖာ ကိုလံဘတ် သည် ခရစ်နှစ် ၁၄၉၂ ခုနှစ်တွင် အမေရိကတိုက် ကို ရှာဖွေ တွေ့ရှိခဲ့ရာမှ ဟားဗားနား ကျွန်းသားတို့ ဆေးရွက်ကြီး သုံးစွဲကြသည့် ဓလေ့ နှင့် ဆေးရွက်ကြီးပင် မျိုးစေ့တို့ကို ဥရောပတိုက် သို့ ယူဆောင် လာခဲ့သည်။ ဆေးရွက်ကြီး သည် ဥရောပ တိုက်မှ တစ်ဆင့် အာဖရိကတိုက် နှင့် ကမ္ဘာ့ အရှေ့ခြမ်း နိုင်ငံများသို့ ပျံ့နှံ့ လာခဲ့ခြင်း ဖြစ်သည်။

မြန်မာ သက္ကရာဇ် ၉၉၁ ခုနှစ်က မြန်မာနိုင်ငံ တွင် သာလွန် မင်းတရားကြီး လက်ထက်၌ စိန္တကျော်သူ ရေးသား ခဲ့သော သြဝါဒထူး ပျို့လာ '' ဆေးတံညို တစ်တိုလောက် ရော့သောက် တော့ပေး ''ဆိုသော စကားလုံး အရလည်းကောင်း ၊ မြန်မာမှု နယ်ပယ်တွင် '' ဆေးတစ်အိုးကျွမ်း ၊ ကွမ်းတစ်ယာညက် ''စသည့် စကား အသုံးအနှုန်း များအရ လည်းကောင်း ၊ အင်းဝ ဒုတိယ မင်းခေါင် လက်ထက် ရှင်မဟာ သီလဝံသ ဆရာတော်က တပည့် ၊ ကျောင်းသား သူငယ်တို့ မှတ်သား နာယူရန် ရေးသား စီရင်ခဲ့သော ဆုံးမစာ လင်္ကာ၌ '' ကွမ်းဆေး မီးလျှင် ၊ ဧည့်သည် မြင်သော် ၊ အလျင်ခဏ ၊ တည်ပါကြ ''ဟူသော စာအရ လည်းကောင်း မြန်မာတို့နှင့် ဆေးရွက်ကြီး သည် ရှေးခေတ် ကပင် ရှိခဲ့သည်။

ခရစ်နှစ် ၁၈၈၁ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု ၌ စီးကရက် စက်ရုံ ပေါ်ပေါက် လာခြင်းကြောင့် စီးကရက် သောက်သုံးမှု သိသိသာသာ ပျံ့နှံ့ လာခဲ့သည်။ တစ်ရက်လျှင် စီးကရက် လိပ်ရေ ၁၂ဝဝဝဝ ခန့် ထုတ်လုပ် နိုင်သည့် စီးကရက် စက်ရုံကို ဂျိန်းစ်အေဘန်ဆက်ခ် ဆိုသူက ၁၈၈၄ ခုနှစ် ဧပြီ ၃ဝ ရက်တွင် စတင် တီထွင် လိုက်သည်တွင် ကမ္ဘာ တစ်ဝန်းလုံး၌ စီးကရက် စက်ရုံများ အပြိုင်အဆိုင် ပေါ်ထွန်း လာပြီး ကမ္ဘာ့ ပြည်သူများ အတွင်း စီးကရက် သောက်သုံးမှုနှုန်း ပိုမိုမြင့်မား လာခဲ့သည်။ ၁၈၉၂ ခုနှစ်တွင် မီးခြစ်ကို စတင် တီထွင် လိုက်ပြန်ရာ အလွယ်တကူ သယ်ယူ နိုင်သော စီးကရက်နှင့် မီးခြစ်တို့ တွဲမိကာ စီးကရက် သောက်သုံးသည့် အလေ့အထ ပိုမိုပျံ့နှံ့ လာတော့သည်။

မြန်မာနိုင်ငံသို့ စီးကရက် ရောက်ရှိမှုကို ပထမ ကမ္ဘာကြီး (၁၉၁၄-၁၉၁၈) ပြီးဆုံးချိန် လောက်တွင် စတင်ရောက် ရှိခဲ့ပြီး ဒုတိယ ကမ္ဘာစစ်ကြီး (၁၉၃၉-၁၉၄၅) အပြီး အင်္ဂလိပ် စစ်တပ်များ မြန်မာနိုင်ငံ သို့ ပြန်လည် ဝင်ရောက် လာချိန်တွင် မြန်မာတို့ စီးကရက် ပိုမိုသောက်သုံး လာကြကြောင်း သိရသည်။ လွတ်လပ်ရေး ရပြီးနောက် မြန်မာနိုင်ငံ တွင် စီးကရက် စက်ရုံများ အပြိုင်အဆိုင် ထူထောင် ခဲ့ကြပြီး ၁၉၅၅ ခုနှစ်တွင် ဗာဂျီးနီးယား ဆေးစီမံကိန်း စတင်အကောင် အထည်ဖော် ခဲ့သည်။ ထိုအချိန်မှ စ၍ ဆေးရွက်ကြီး စိုက်ခင်းများ ပိုမိုတိုးတက် လာသည့် နည်းတူ စီးကရက် ထုတ်လုပ်မှုလည်း ပိုမို များပြား လာခဲ့သည်။

ယနေ့ အချိန်တွင် ကမ္ဘာ့ နိုင်ငံပေါင်း ၁၂ဝ ကျော်၌ ဆေးရွက်ကြီး စိုက်ပျိုး ထုတ်လုပ် သုံးစွဲလျက် ရှိသည်။ ၁၉၈ဝ ပြည့်နှစ်က လေ့လာ သုတေသန ပြုလုပ်ချက် အရ ပြုပြင်ပြီး ဆေးရွက်ကြီး တွင် ဓာတုဓာတ် အမျိုးပေါင်း ၃ဝ၄ဝ ကျော် ပါဝင်ကြောင်း သိရသည်။ ဆေးပေါ့လိပ် ၊ ဆေးပြင်းလိပ် နှင့် စီးကရက် အမျိုးမျိုး သောက်သုံး ခြင်းကြောင့် နှလုံး သွေးကြော ကျဉ်းခြင်း ၊ သွေးတိုးခြင်း ၊ ရုတ်တရက် နှလုံးသွေး ရပ်ခြင်း ၊ လေဖြတ်ခြင်း ၊ အဆုတ် ကင်ဆာ ဖြစ်ခြင်း ၊ ခြေပုပ်လက်ပုပ် ရောဂါ ဖြစ်ခြင်း စသည်တို့ ဖြစ်တတ်ကြောင်း ဆေးပညာရှင် များက ညွှန်ပြ ထားသည်။


သို့ဖြစ်၍ နိုင်ငံတော် အစိုးရက ပြဋ္ဌာန်း ထားသော ဆေးလိပ်နှင့် ဆေးရွက်ကြီး ဥပဒေကို လည်းကောင်း ၊ ဆေးလိပ် ကင်းစင် သတ်မှတ် ထားသော နေရာများ၌ ဆေးလိပ် သောက်သုံးခြင်း မပြုရန်ကို လည်းကောင်း  ပြည်သူများက လေးစား လိုက်နာ ကြခြင်းဖြင့် မိမိ သူတစ်ပါး ကောင်းကျိုး ရရှိနိုင်မည် ဖြစ်ပေသည်။      ။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger