www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, July 27, 2013

ထိုင်းနှင့် လာအိုနယ်စပ်ပြဿနာ ဖြေရှင်းရေး ဆွေးနွေးပွဲများ ပြုလုပ်မည်


၂၇-၇-၂၀၁၃

ထိုင်းနှင့် လာအိုနိုင်ငံ တို့သည် နယ်စပ်ဒေသ ပြဿနာများ ကိုင်တွယ်ဖြေရှင်း ရေးအတွက် ၆ နှစ်ကြာ ဆိုင်းငံ့ထားခဲ့သော ဆွေးနွေးပွဲ များအား ပြန်လည် ပြုလုပ် သွားမည် ဖြစ်ကြောင်း ဇူလိုင်လ ၂၆ ရက်ထုတ် ဘန်ကောက်ပို့စ် သတင်းတစ်ရပ် အရ သိရသည်။

ထိုင်း - လာအို နယ်ခြား ကော်မရှင် အစည်းအဝေး အား သြဂုတ်လ ၁၅ ရက်နှင့် ၁၆ ရက်များတွင် ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပ သွားမည် ဖြစ်ကြောင်း ထိုင်း ဒုတိယ ၀န်ကြီးချုပ် နှင့် နိုင်ငံခြားရေး ၀န်ကြီး ဆူရာပွန် တိုဗီ ချိုင်ကူးလ် က ပြောကြား ခဲ့သည်။ ၄င်း အစည်းအဝေး တွင် ဆူရာပွန် နှင့် လာအို ဒုတိယ ၀န်ကြီးချုပ် နှင့် နိုင်ငံခြားရေး ၀န်ကြီး သောင်လွန်းစီ ဆူလစ် တို့က ပူးတွဲ သဘာပတိ အဖြစ် ဆောင်ရွက် သွားမည် ဖြစ်ပြီး ၄င်းတို့ ၂ ဦးသည် ဆွေးနွေးပွဲများ ပြန်လည် ပြုလုပ် သွားရေးအတွက် ယခုနှစ် အစောပိုင်း ကတည်းက သဘောတူညီ ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ တွေ့ဆုံမှုသည် နယ်စပ် ပြဿနာရပ်များ ကိုင်တွယ် ဖြေရှင်းရေး နှင့် ပိုမို ရှင်းလင်းသည့် နယ်နိမိတ် မှတ်တိုင်များ စိုက်ထူနိုင်ရေး အတွက် ကျန်ရှိနေသည့် ၂ နိုင်ငံ နယ်စပ်အား တိုင်းတာ သတ်မှတ်သွားရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရသည်။


ထိုင်း နှင့် လာအို နှစ်နိုင်ငံ နယ်စပ် ၈၀၀ ကီလိုမီတာ ရှိသည့်အနက် ၉၆ ရာခိုင်နှုန်း ခန့်အား နယ်နိမိတ် တိုင်းတာ သတ်မှတ်နိုင် ခဲ့ပြီး ဖြစ်ကြောင်းလည်း သိရသည်။ တိကျသော နယ်နိမိတ် သတ်မှတ်ခြင်း သည် အနာဂတ်တွင် ၂ နိုင်ငံအကြား စစ်ဆေးရေးဂိတ် များ ပိုမိုဖွင့်လှစ် သွားရေး အတွက် ထည့်သွင်း စဉ်းစားနိုင်ရန် အထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေး ၀န်ကြီး ဆူရာပွန် တိုဗီ ချိုင်ကူးလ် က ပြောကြား ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger