www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, May 26, 2015

နိုင်ငံတကာအဆင့်မီ ငါးဖမ်းသင်္ဘောများ တည်ဆောက်လိုပါက ဒီဇိုင်းပုံစံနှင့်အတူ တင်ပြေ လျှောက်ထားနိုင်



ရန်ကုန် ၊ ၂၆-၅-၂၀၁၅

မြန်မာ့ ပင်လယ်ပြင်တွင် ပင်လယ် ငါးဖမ်းလုပ်ငန်း လုပ်ကိုင် ဆောင်ရွက်နေသော ကမ်းဝေးငါးဖမ်း စက်လှေ ပိုင်ရှင်များ အနေဖြင့် မိမိတို့၏ သစ်သားကိုယ်ထည် ငါးဖမ်းရေယာဉ် များကို ပယ်ဖျက်ကာ သံခွံကိုယ်ထည် အဖြစ် အီးယူ သတ်မှတ်ချက် စံချိန်စံညွှန်း များနှင့်အညီ နိုင်ငံတကာ အဆင့်မီ ငါးဖမ်းရေယာဉ် များအဖြစ် အစားထိုး တည်ဆောက် လိုပါက မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်း လုပ်ငန်းရှင်များ အသင်း၊ တိုင်းဒေသကြီး များနှင့် ပြည်နယ် ငါးလုပ်ငန်း အဖွဲ့ချုပ် တို့၏ ထောက်ခံချက် များနှင့် မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန သို့ တင်ပြ လျှောက်ထား နိုင်ကြောင်း အဆိုပါ ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက် များအရ သိရသည်။

ထိုသို့ တင်ပြ လျှောက်ထားရာတွင် ထပ်မံ တည်ဆောက် လိုသည့် ငါးဖမ်း ရေယာဉ်၏ ဒီဇိုင်းပုံစံ ကိုပါ ပူးတွဲတင်ပြ ရမည် ဖြစ်သည်။ မြန်မာ့ ပင်လယ်ပြင်တွင် ပင်လယ်ငါး၊ ပုစွန်များကို ဖမ်းယူနေသည့် ပင်လယ်ငါးဖမ်း ရေယာဉ်များသည် ပင်လယ်ပြင်တွင် လုပ်ငန်း လုပ်ကိုင် ဆောင်ရွက်နေစဉ် ပင်လယ်လှိုင်း လုံးများ၏ ရိုက်ပုတ်မှုဒဏ်၊ မိုးသက်မုန်တိုင်း တိုက်ခတ်မှုဒဏ်၊ လုပ်ငန်းခွင် ထိခိုက်မှုဒဏ် နှင့် ပင်လယ်ဒီရေ ၏ အငန်ဓာတ် များကြောင့် ပျက်စီး ယိုယွင်းမှုများ ဖြစ်လာသဖြင့် ပြန်လည် ပြင်ဆင် ဆောင်ရွက်မှုများ ပြုလုပ်ကြ ရသည်။ တစ်ခါတစ်ရံ ငါးဖမ်းစက်လှေ တစ်စင်းလုံးကို အသစ်ပြန်လည် တည်ဆောက်ကြ ရသည်။ ထိုသို့ အကြီးစား ပြန်လည် တည်ဆောက် ခြင်းများ လုပ်ကိုင် ဆောင်ရွက်ရာ တွင် တန် ၁ဝဝ ရှိ သစ်သား ကိုယ်ထည် ငါးဖမ်းစက်လှေ တစ်စင်းကို ထပ်မံ တည်ဆောက်မည် ဆိုလျှင်သစ်သား တန် ၁ဝဝ လိုအပ်လာမည် ဖြစ်သည်။ လက်ရှိ သစ်ဈေးနှုန်း ပေါက်ဈေး များအရ သစ်သား တစ်တန်လျှင် ငွေကျပ် ၁၈ သိန်းခန့် ပေါက်ဈေးရှိ သဖြင့် ကုန်ကျစရိတ် အလွန်များပြား လာမည် ဖြစ်သည်။

အဆိုပါ ပင်လယ် ငါးဖမ်းစက်လှေ များကို သံကိုယ်ထည် အဖြစ် ပြောင်းလဲ တည်ဆောက်မည် ဆိုလျှင် ငါးဖမ်းစက်လှေ တည်ဆောက်ရန် လိုအပ်သော သံပြားများကို အလွယ်တကူ ဝယ်ယူရရှိ နိုင်ခြင်း၊ သံပြား တစ်တန်လျှင် ငွေကျပ် ခုနစ်သိန်း ခန့်သာ ပေါက်ဈေးနှုန်း ရှိသဖြင့် သစ်သားနှင့် တည်ဆောက် ခြင်းထက် ကုန်ကျစရိတ် များစွာ သက်သာ စေခြင်း၊ ပေါ့ပါး၍ ကြံ့ခိုင်မှု ရှိကာ ကြာရှည် အသုံးပြု နိုင်ခြင်း၊ ပင်လယ်ပြင် အန္တရာယ် လုံခြုံမှု ရှိစေခြင်း၊ စသည့် အားသာချက် အကျိုးတရား များကို ခံစားရရှိ နိုင်မည် ဖြစ်ကြောင်း သိရသည်။ (၃၃၆)

#Yadanarpondaily

တက္ကသိုလ်ဝင်တန်း စားမေးပွဲ အောင်စာရင်းကို ပညာရေးဝန်ကြီးဌာန၏ အင်တာနက် ၀က်ဆိုက် နှင့် ပုံနှိပ်စာရွက် ကပ်ခြင်းတို့ဖြင့် တစ်ပြိုင်နက် ထုတ်ပြန်မည်


ရန်ကုန် ၊ ၂၆-၅-၂၀၁၅

၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းကို ဇွန် ၆ ရက်တွင် ထုတ်ပြန် ကြေညာမည် ဖြစ်ပြီး ယင်း အောင်စာရင်းများ ထုတ်ပြန် ကြေညာခြင်း ကို ပညာရေး ဝန်ကြီးဌာနမှ အင်တာနက် ဝက်ဘ်ဆိုက်နှင့် ပုံနှိပ်စာရွက် ကပ်ခြင်းတို့ဖြင့် သတ်မှတ်ရက်တွင် တစ်ပြိုင်နက် ထုတ်ပြန် ကြေညာ သွားမည် ဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်း အောင်စာရင်း ထုတ်ပြန်ရာတွင် အောင်စာရင်း ထုတ်ပြန်သည့် နေရာကို လုံခြုံရေး ကိစ္စများ စီမံ ထားနိုင်ရေး သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူး များက မြို့နယ် အုပ်ချုပ်ရေးမှူး များထံသို့ အကြောင်းကြား သတင်းပို့ပြီး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

နှစ်စဉ် တက္ကသိုလ်ဝင်တန်း အောင်စာရင်း ထွက်သည့်နေ့ ညသန်းခေါင် တွင် အောင်စာရင်း ကြည့်ရန်လာသော ကျောင်းသားများနှင့် မိဘများသည် သက်ဆိုင်ရာ ကျောင်းများသို့ သွား၍ အောင်စာရင်း ကပ်သည့် နေရာတွင် စုမိရာက အောင်စာရင်း ကပ်သည့် ဆရာများနှင့် လာရောက် ကြည့်ရှုသူများ ရှုပ်နေသောကြောင့် အနှောင့်အယှက် ဖြစ်ရသည့် အတွက် ပညာရေးဝန်ကြီး ဌာန ဝက်ဘ်ဆိုက် မှ တစ်ဆင့် ကြိုတင် ထုတ်လွှင့် ထားခြင်း၊ ဒစ်ဂျစ်တယ်  ဆော့ဖ်ဝဲလ် များနှင့် ဖြန့်ထားခြင်းများ လုပ်ပါက အဆင်ပြေမည် ဖြစ်ကြောင်း သိရသည်။

ယခုနှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများ ထုတ်ပြန်ရာတွင် ပညာရေးဝန်ကြီး ဌာန ဝက်ဘ်ဆိုက် နှင့် ပုံနှိပ် ထုတ်ဝေခြင်း များကို သတ်မှတ်ရက် တွင် တစ်ပြိုင်နက် ကြေညာ သွားမည်ဖြစ်ပြီး သတ်မှတ်ရက်ထက် စော၍ ထုတ်ပြန်ပေးရန် အစီအစဉ် မရှိကြောင်း ပညာရေး ဝန်ကြီးဌာနမှ သိရသည်။

ဆုလာဘ်

#Themyawadydaily

ကွန်ပျူတာသုံး မြန်မာယူနီကုတ်စနစ် အောင်မြင်စွာ အကောင်အထည်ဖော် နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ


ရန်ကုန် ၊ ၂၆-၅-၂၀၁၅

ပညာရေး ဝန်ကြီးဌာန မြန်မာစာနှင့် ဘာသာစကား ပညာရေး ဦးစီးဌာန နှင့် မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ တာဝန်ရှိ သူများ၏ ကွန်ပျူတာသုံး မြန်မာ ယူနီကုတ်စနစ် အောင်မြင်စွာ အကောင် အထည်ဖော် နိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁ဝ နာရီတွင် ရန်ကုန်မြို့ တက္ကသိုလ်စိန်ရတု ခန်းမ၌ ကျင်းပသည်။

အဆိုပါ အစည်းအဝေး တွင် မြန်မာ ယူနီကုတ်စံစနစ် နှင့် ကိုက်ညီသော မြန်မာစာဖောင့် များနှင့် ကွန်ပျူတာ စနစ်များ တွင်ကျယ်စွာ အသုံးပြု နိုင်ရေးကို ဆွေးနွေး ညှိနှိုင်းကြသည်။ အပြည်ပြည်ဆိုင်ရာ ISO စံ သတ်မှတ်ရေး အဖွဲ့က မြန်မာအက္ခရာ အသီးသီး အတွက် ယူနီကုတ် စံသတ်မှတ်ချက် များကို ချမှတ်ပေးပြီး ဖြစ်ကာ မြန်မာစာနှင့် တိုင်းရင်းသား စာပေများ အတွက် အပြည်ပြည် ဆိုင်ရာ ယူနီကုတ် ဇယားတွင် နေရာ ၁၈ဝ ကျော် သတ်မှတ် ပေးအပ်ထားပြီး ဖြစ်သည်။

သို့ဖြစ်၍ ကွန်ပျူတာသုံး မြန်မာစာစနစ် အတွက် လိုအပ်သော စံများ သတ်မှတ်နိုင်ရေး၊ မြန်မာစာနှင့် တိုင်းရင်းသား ဘာသာစကားများ ပါဝင် လာနိုင်စေရေး၊ ဝန်ကြီးဌာန စီးပွားရေး အဖွဲ့အစည်း များနှင့် ပြည်သူများ အကြား နိုင်ငံတကာ အသိအမှတ်ပြု ထားသော စံများကို တစ်ပြေးညီ လိုက်နာကျင့်သုံး လာနိုင်ရေး အတွက် သက်ဆိုင်သူများ ပါဝင်သည့် ညီလာခံကို ဆက်လက် ကျင်းပနိုင်ရန် ညှိနှိုင်းေ ဆွးနွေး ခဲ့ကြကြောင်း သိရှိရသည်။

(ပညာရေး)

#Themyawadydaily

လှေစီးဒုက္ခသည်များကို လူသားချင်း စာနာထောက်ထားမှု ရှုထောင့်အရ ယာယီလက်ခံ ထားခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ သို့ အမြန်ဆုံး ပြန်လည်ပို့ဆောင် သွားမည်


မောင်တော ၊ ၂၆-၅-၂၀၁၅

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အလယ်သံကျော် ကျေးရွာတွင် ရောက်ရှိနေသော ပြည်ထောင်စု အစိုးရအဖွဲ့ နှင့် ရခိုင်ပြည်နယ် အစိုးရတို့မှ တာဝန်ရှိ သူများသည် ကုလသမဂ္ဂ ဆိုင်ရာ အဖွဲ့အစည်း များနှင့် အစိုးရ မဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများမှ တာဝန်ရှိ သူများနှင့် အတူ ၄င်းတွင် ယာယီစခန်း ဖွင့်လှစ်၍ ခေတ္တ စောင့်ရှောက် ထားသည့် လှေစီး ဒုက္ခသည် ၂ဝ၈ ဦးကို စိစစ်မှုများ ပြုလုပ်ခဲ့ရာ ၄င်းတို့သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့ဘဇား၊ စစ်တကောင်း နှင့် ဒါကာ မြောက်ခြမ်း တွင် နေထိုင်ကြသော ဘင်္ဂလားဒေ့ရှ် လူမျိုးများ ဖြစ်ကြောင်း ကနဦး စိစစ် သိရှိရသည်။

အဆိုပါ လှေစီးဒုက္ခသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား များသည် အလုပ်အကိုင် အခွင့်အလမ်း ရှာဖွေရန် အတွက် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံ တို့သို့ သွားရောက်ရန် ရည်ရွယ်ချက်ဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ထွက်ခွာခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုအခါ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ အမြန်ဆုံး ပြန်လည် သွားရောက်ရန်သာ ဆန္ဒရှိ နေကြောင်း စိစစ်ချက် များအရ သိရသည်။

ထို လှေစီး ဒုက္ခသည်များကို ကောင်စစ်ဆိုင်ရာ တွေ့ဆုံမှုများ ပြုလုပ်နိုင်ရန် မေ ၂၃ ရက်က ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ မေတ္တာ ရပ်ခံချက် အပေါ် ၄င်းရက်၌ပင် ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ် သံရုံးသို့ ခွင့်ပြုခဲ့ပြီး ဖြစ်၍ စစ်တွေမြို့ရှိ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံး မှ တာဝန်ရှိသူ များသည် ယမန်နေ့တွင် အဆိုပါ လှေစီး ဒုက္ခသည်များ ရှိရာ ယာယီ ကယ်ဆယ်ရေး စခန်းသို့ သွားရောက်ကာ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ တာဝန်ရှိ သူများနှင့် တွဲဖက်ပြီး ကောင်စစ် တွေ့ဆုံမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမျိုးမြင့်သန်း သည် မေ ၂၄ ရက် ဒေသ စံတော်ချိန် ညနေ ၅ နာရီတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် တာဝန်ရှိသူ များနှင့် တွေ့ဆုံပြီး လှေစီး ဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ အမြန်ဆုံး ပြန်လည် ခေါ်ယူနိုင်ရန် ပြောကြားခဲ့ရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိ သူများကလည်း အဆိုပါ လှေစီးဒုက္ခသည် ၂ဝဝ ဦးခန့်အား သွားရောက်ပြီး ကောင်စစ်ဆိုင်ရာ တွေ့ဆုံမှု ပြုလုပ်နိုင်ရန် ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ် သံရုံးနှင့် စစ်တွေမြို့ရှိ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ချုပ် ရုံးမှ အရာရှိ ခြောက်ဦး ပါဝင်သော ပူးပေါင်းအဖွဲ့ တစ်ဖွဲ့ကို ဖွဲ့စည်းပေးပြီး ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာန မှလည်း ခွင့်ပြုချက် ရပြီးဖြစ်ကြောင်း၊ လုပ်ငန်းစဉ် အတိုင်း ကယ်ဆယ် ထားသူများကို တွေ့ဆုံ မေးမြန်း၍ စိစစ်မှုများ ပြုလုပ်ပြီးနောက် ပြန်လည် ခေါ်ယူရေး လုပ်ငန်းများကို အမြန် ဆောင်ရွက်မည် ဖြစ် ပါကြောင်း၊ နှစ်နိုင်ငံ နယ်ခြားစောင့် တပ်ဖွဲ့များ ကိုလည်း လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆက်လက် ညှိနှိုင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ပြန်လည် ပြောကြား ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် လှေစီး ဒုက္ခသည် များကို လူသားချင်း စာနာ ထောက်ထားမှု ရှုထောင့်အရ ယာယီလက်ခံ ထားခြင်းသာ ဖြစ်ပြီး ၄င်းတို့၏ ပင်ရင်းနိုင်ငံ ဖြစ်သော ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ အမြန်ဆုံး ပြန်လည် ပို့ဆောင် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

#Themyawadydaily
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger