www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, April 3, 2017

ငလျင်ဒဏ်ကြောင့် ပျက်စီးသည့်ပုဂံစေတီများတွင် ပြန်လည်ပြုပြင်ရန် စေတီအဆူ ၁၂၀ ကျော် ကျန်ရှိနေ



နေပြည်တော် ၊ ၃-၄-၂၀၁၇

ပုဂံရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ငလျင်ဒဏ်ခံ ရှေးဟောင်း အဆောက်အအုံများ ပျက်စီးစာရင်း ကောက်ယူ မှတ်တမ်းတင်ခြင်း နှင့် အရေးပေါ် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများကို သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက ယခုနှစ် မတ် ၃၁ ရက်က ထုတ်ပြန်ကြေညာ ခဲ့သည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ ရသည့် ရှေးဟောင်းစေတီ ၃၈၉ ဆူတွင် စေတီအဆူ ၁၂ဝ ကျော် ပြန်လည် ပြုပြင်ထိန်းသိမ်း မှုလုပ်ငန်းများ ဆောင်ရွက်ရန် ကျန်ရှိနေကြောင်း အဆိုပါ ထုတ်ပြန် သတင်းအရ သိရသည်။

အဆိုပါ ထိခိုက်ပျက်စီး ခဲ့ရသည့် ရှေးဟောင်းစေတီ ဘုရားများကို ပထမဦးစားပေး၊ ဒုတိယဦးစားပေး နှင့် တတိယဦးစားပေး ဟူ၍ အဆင့်သုံးဆင့် ခွဲခြားသတ်မှတ်၍ ပြန်လည်ပြင်ဆင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပြန်လည်ပြင်ဆင် ဆောင်ရွက်မှုများ အရ ယခုအခါ ထိခိုက်ပျက်စီးမှု ဖြစ်ပွားခဲ့သည့် စေတီ ၃၈၉ ဆူတွင် စေတီဘုရား ၁၂၃ ဆူ ပြန်လည်ပြုပြင်မှု လုပ်ငန်းများ ဆောင်ရွက်ရန် ကျန်ရှိနေကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၂)

အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံများရောက် မြန်မာရေလုပ်သား တစ်ထောင့်နှစ်ရာကျော် ကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ခဲ့


ရန်ကုန် ၊ ၃-၄-၂၀၁၇

၂ဝ၁၁ ခုနှစ်မှ ယခုနှစ်ထိ အကြောင်း အမျိုးမျိုးကြောင့် ပြည်ပ နိုင်ငံများသို့ ရောက်ရှိနေသည့် မြန်မာရေလုပ်သား တစ်ထောင့် နှစ်ရာကျော်ကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူ နိုင်ခဲ့ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန သတင်းများ အရ သိရသည်။

မြန်မာ့ ပင်လယ်ပြင် ဒေသများတွင် ငါးပုစွန်များကို ရှာဖွေဖမ်းဆီး နေကြသည့် မြန်မာ့ပင်လယ် ရေလုပ်သားများ အနေဖြင့် မိုးသက်မုန်တိုင်း အခြေအနေ များကြောင့် ငါးဖမ်းစက်လှေ များနှင့် ပင်လယ်ပြင်သို့ မျောပါသွားခဲ့ကြပြီး အိမ်နီးချင်းနိုင်ငံ များသို့ ရောက်ရှိသွား ခဲ့ကြသည်။ ထို့ပြင် အချို့သော ပင်လယ်ရေ လုပ်သားများသည် ထိုင်း၊ မလေးရှား စသည့် အာဆီယံဒေသ တွင်း နိုင်ငံများ၏ ရေလုပ်ငန်း များတွင် သွားရောက် လုပ်ကိုင် ဆောင်ရွက်ရာမှ လူကုန်ကူးမှု ကဲ့သို့သော ဖြစ်စဉ်ဖြစ်ရပ် များနှင့် ကြုံတွေ့ခဲ့ကြ ရသည်။

မိုးသက်မုန်တိုင်းနှင့် မျောပါ သွားခဲ့ကြသည့် ရေလုပ်သား အများစု မှာ အိန္ဒိယနိုင်ငံသို့ ရောက်ရှိသွားခဲ့ ကြသည်။ မြန်မာနိုင်ငံ အနေဖြင့် ပြည်ပနိုင်ငံ များတွင် ဆင်းရဲဒုက္ခ ကြုံတွေ့နေခဲ့ ကြရသည့် မြန်မာ ပင်လယ် ရေလုပ်သား များကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူ နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့ရာ ၂ဝ၁၁ ခုနှစ်မှ ယခုနှစ်ထိ အကြောင်း အမျိုးမျိုးကြောင့် ပြည်ပနိုင်ငံများသို့ ရောက်ရှိနေသည့် မြန်မာ ရေလုပ်သား ၁၂၆၉ ဦးကို မြန်မာနိုင်ငံ သို့ ပြန်လည်ခေါ်ယူ နိုင်ခဲ့ကြောင်း သိရသည်။

ယခုနှစ် မတ် ၂၉ ရက်ကလည်း အိန္ဒိယနိုင်ငံ ပို့ဘလဲမြို့ အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံ နေရသည့် မြန်မာနိုင်ငံသား မှန်ကန်ကြောင်း အတည်ပြုချက် ရရှိပြီးသူ မြန်မာရေလုပ်သား ၈၈ ဦးကို ပြန်လည်ခေါ်ယူ ခဲ့ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၂)

နှစ်သစ်ကူးသည့် တန်ခူးလ


နှစ်သစ်ကူးသည့် တန်ခူးလ

မြန်မာပြက္ခဒိန် (၁၂)လတွင် တန်ခူးလသည် နွေဥတုအလယ် နေပူရှိန် ပြင်းထန်သည့် အခါဖြစ်သည်။ တန်ခူးလကို နက္ခတ္တဗေဒ အလိုအားဖြင့် မိဿရာသီ ဟု ခေါ်၍ ထိုလတွင် စိတြနက္ခတ္တစန်း နှင့်ယှဉ်၍ မွန်းတည့်သည်။

ရာသီရုပ်မှာ ဆိတ်ရုပ်ဖြစ်၍- ရာသီပန်းမှာ ကံ့ကော်ပန်း၊ ပိတောက်ပန်း၊ ရင်ခတ်ပန်း၊ ဇလပ်ပန်း၊ စွယ်တော်ပန်း တို့ဖြစ်သည်။ နေ့တာ၊ ညတာ ညီမျှသော လဖြစ်သည်။ တန်ခူးလသည် ရက်မစုံလကွယ် သဖြင့် ရက်ပေါင်း ၂၉ ရက်သာ ရှိသည်။ တန်ခူးလတွင် မြန်မာတို့က နှစ်သစ်ကူး၊ သင်္ကြန် ရေသဘင်ပွဲတော် ဆင်နွှဲလေ့ ရှိသည်။

နှစ်သစ်ကူးချိန်သည် လူတစ်မျိုးနှင့် တစ်မျိုး မတူကြ သကဲ့သို့ပင် နှစ်ကူးပွဲတော် ကျင်းပပုံချင်းလည်း မတူကြချေ။ မြန်မာတို့၏ နှစ်သစ်ကူးပွဲကို ''သင်္ကြန်''ဟု ခေါ်သည်။ သင်္ကြန်သည်၊ သင်္ကန္တ ဟူသော၊ ပါဠိမှလာ၏။ ''နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းသည်'' ဟူသော အနက်အဓိပ္ပာယ် ရသည်။ နှစ်သစ်ကို ကြိုဆိုသည့် သဘောဖြင့် မြန်မာတို့သည် ရေပက်ကစား ကြသည်။

လာမည့်နှစ်သစ်တွင် အညစ်အကြေး ဘေးဘယာ ကင်းစင်၍ ကြည်လင်အေးမြ စေရန် ရည်သန်သည့် သဘောဖြစ်၏။ လူကြီးမိဘ ဆရာသမားတို့အား ပူဇော် ကန်တော့ခြင်း၊ အိမ်တွင်းအိမ်ပြင်ရှိ အညစ်အကြေး အမှိုက်သရိုက်များကို ရှင်းလင်းခြင်း၊ ဦးခေါင်းဆေးခြင်း၊ စေတီပုထိုး ကျောင်းကန်များတွင် ဥပုသ်သီတင်း ဆောက်တည်ကာ ဒါနပြုခြင်း၊ ဘုရားပုထိုး၊ ရုပ်ပွားတော်များကို ရေသပ္ပာယ်ခြင်းများ ပြုလုပ်ကြသည်။ မြန်မာတို့၏ကျင်းပမြဲဖြစ်သော ဆယ့်နှစ်ရာသီ ပွဲတော်များတွင် ''သင်္ကြန် ရေသဘင်ပွဲတော်'' သည် အလွန်ကြီးကျယ် စည်ကားသော အမျိုးသားပွဲတော် တစ်ခုဖြစ်သည်။ မြန်မာလူမျိုး တို့သည် သင်္ကြန်ချိန်၌ နတ်ပြည်မှ သိကြားမင်း လူ့ပြည်သို့ ခေတ္တဆင်းသက် လာသည် ဟု ယုံကြည်ကြ၏။

ပကတိရေစင်သည် အညစ်အကြေး တို့ကို စင်ကြယ်သန့်ရှင်း စေရန် ဆေးကြောနိုင်၏။ ထို့အတူ ဒုစရိုက် အညစ်အကြေး တို့ကို ကိုယ်ကျင့် သိက္ခာဖြင့် ဆေးကြောသင့် ပေသည်။ မသင့်လျော်သော၊ ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုတို့ကို မပြုတော့ဟူသော အဓိဋ္ဌာန်ဖြင့် စိတ်ကိုထိန်းသိမ်း သွားရမည် ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်း စဉ်လာများကို မြန်မာပြည်သူများ ဆက်ခံကျင့်သုံးပြီး နှစ်သစ်မင်္ဂလာ အခါသမယတွင် ကမ္ဘာသူ၊ ကမ္ဘာသားများ အနိဋ္ဌာရ ပပျောက်ပြီး ဣဋ္ဌာရုံ အပေါင်းနှင့် ပြည့်စုံပါစေ၊ ဘေးဥပဒ် အန္တရာယ် ကင်းရှင်းကြပါစေ၊ မကောင်းသော စိတ်ဓာတ်များ ပယ်ရှားပြီး ကောင်းသော စိတ်ဓာတ်များ မွေးမြူနိုင်ကြပါစေ၊ အရှက်နှင့် အကြောက် လောကပါလ တရားနှစ်ပါး ထွန်းကားကြပါစေ၊ ဗြဟ္မာ့ဝိဟာရ တရားလေးပါး ထွန်းကားပြန့်ပွား ကြပါစေ၊ မင်္ဂလာ တရားတော်များ ထွန်းကားပြန့်ပွား ကြပါစေ ဟု ဆန္ဒပြု ရေးသားတင်ပြ လိုက်ရပေသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂)

ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပုဂံဘုရားများအား ထပ်မံမထိခိုက်စေရေးအတွက် မြေကြောဖြတ်ရန်စီစဉ်



ညောင်ဦး ၊ ၃-၄-၂၀၁၇

ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပုဂံဘုရားများအား နောက်ပိုင်းတွင် ထပ်မံ မထိခိုက်စေရေး အတွက် မြေကြောဖြတ်ရန် စီစဉ်နေကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) မှ သိရသည်။

၂ဝ၁၆ ခုနှစ် သြဂုတ် ၂၄ ရက်က ချောက်မြို့၏ အနောက် တောင်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာ စကေး ၆ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ် ခဲ့သဖြင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေရှိ ဘုရားစေတီ ၃၈၉ ဆူခန့် ထိခိုက်ပျက်စီးခဲ့ပြီး ငလျင် လှုပ်ခတ်ပြီးနောက်ပိုင်း ယာဉ်အသွားအလာ များကြောင့် မြေတုန်ခါမှု မရှိစေရန် လောကထိပ်ပန် ဘုရားအနီး၌ မြေကြောဖြတ်ခြင်း လုပ်ငန်းများ ဆောင်ရွက် ထားကြောင်း သိရသည်။

ထို့ပြင် တခြားနေရာ များ၌လည်း မြေကြောဖြတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားပြီး ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု များနှင့် တွေ့ကြုံခဲ့ရသည့် ဘုရား ၃၈၉ ဆူလုံးကို လေ့လာ စောင့်ကြည့် လျက်ရှိကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) ဒုတိယ ညွှန်ကြားရေးမှူး ဦးစိုးစိုးလင်း က ပြောသည်။

''တုန်ခါမှုတွေကြောင့် ဘုရားတွေကို မထိခိုက်စေဖို့ ဘုရားပတ်လည်မှာ မြောင်းတွေတူးပြီး မြေကိုဖယ်ထုတ် လိုက်တယ်။ အဲဒီနေရာမှာ ကျောက်ခဲ အကြီးတွေ ချထားပြီး သဲဖို့မယ်။ ဒါက မြေကြော ဖြတ်ခြင်းရဲ့ သဘော သဘာဝပေါ့။ ဇုန်တစ်ခုလုံးကို မြေကြောဖြတ်ပေး နိုင်ရင်တော့ အကောင်းဆုံးပါ'' ဟု Technical Support Team- Bagan အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရှေးဟောင်း အမွေအနှစ်များ မပျက်စီးစေရန် သရပါတံခါးနှင့် စူဠာမဏိ ပုထိုးတော်ကြီးအနီး ပေ ၁ဝဝ ပတ်လည် အတွင်း မော်တော်ယာဉ် သွားလာခြင်းကို ၂ဝ၁၆ ခုနှစ် စက်တင်ဘာလက လည်းကောင်း၊ ပုထိုးသားများ ဘုရားနှင့် နတ်လှောင်ကျောင်း အနီး မော်တော်ယာဉ် သွားလာခြင်းကို အောက်တိုဘာ လအတွင်းက လည်းကောင်း၊ သဗ္ဗညုဘုရား အနီး မော်တော်ယာဉ် သွားလာခြင်းကို ဒီဇင်ဘာ ဒုတိယပတ် အတွင်းက လည်းကောင်း ကန့်သတ် ခဲ့ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၂)
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger