www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 5, 2019

နည်းပညာမြင့် လျှပ်စစ်ကားနှစ်မျိုး သာဓုကန် စက်မှုဇုန်၌ စတင် ထုတ်လုပ်နေ

နည်းပညာမြင့် လျှပ်စစ်ကားနှစ်မျိုး သာဓုကန် စက်မှုဇုန်၌ စတင် ထုတ်လုပ်နေ
-
ရန်ကုန် မတ် ၎
-
မြန်မာနိုင်ငံ၏ ရာသီဥတု၊ သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီပြီး စက်သုံးဆီချွေတာရေးအတွက် ထုတ်လုပ်ထားသော တရုတ်နိုင်ငံ၏ နည်းပညာမြင့် လျှပ်စစ်ကားနှစ်မျိုးကိုယခုလတွင် ရန်ကုန်တိုင်းဒေသကြီးရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်ရှိ ကားစက်ရုံ၌စတင် ထုတ်လုပ်နေပြီဖြစ်ကြောင်းKHAINGKHAING SANGDA MOTORCAR စက်ရုံမှ မန်နေးဂျင်း ဒါရိုက်တာ မစ္စတာ YU JIAN CHEN ၏ပြောကြားချက်အရ သိရသည်။
-
လက်ရှိတွင် NEW ENERGY CAR (HYBRID) လျှပ်စစ်(ဘက်ထရီ)ကား KSD-V1 အမျိုးအစားကို အစီးရေ ၁ဝဝ ကျော် ထုတ်လုပ်ထားပြီး ဖြစ်သည်။ အဆိုပါ ကားများအတွက် ယခုလမကုန်မီ က.ည.နလိုင်စင်များ ရရှိမည်ဖြစ်ပြီး ထပ်မံ၍ တစ်ရက်လျှင် အစီးရေ ၄ဝ ခန့်ထုတ်လုပ်ရန် စီစဉ်ထားကြောင်း သိရသည်။
-
မြန်မာနိုင်ငံအစိုးရ အနေဖြင့် ကားတာယာများ အကူအညီပေးထားကြောင်း သိရသည်။ ''ဒီလျှပ်စစ်ကားတွေကို မြန်မာနိုင်ငံအတွက် ပထမဆုံး ထုတ်လုပ်ပေးရတဲ့ ရည်ရွယ်ချက် ကတော့ တရုတ်-မြန်မာနှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေဖို့ ဖြစ်ပါတယ်။ ဒီကားတွေ တင်သွင်းမှုအတွက် တရုတ်အစိုးရက အခွန်မယူပါဘူး။ မြန်မာပြည်သူတွေကို ဈေးနှုန်း သက်သက်သာသာနဲ့ ဝယ်ယူအသုံးပြုနိုင်အောင်ဆောင်ရွက်ပေးမှာပါ။ အရစ်ကျ စနစ်နဲ့လည်း ဝယ်ယူလို့ရအောင် ဆောင်ရွက်ပေးဖို့ အစီအစဉ်ရှိပါတယ်။ မြို့တွင်း၊ မြို့ပြင်သာမက တစ်နိုင်ငံ လုံးကို မောင်းနှင်နိုင်အောင် ထုတ်လုပ်ထားပါတယ်။ ဘက်ထရီစွမ်းအင်ကို လျှပ်စစ်မီး ရရှိနိုင်တဲ့ နေရာတွေမှာ အလွယ်တကူ သွင်းနိုင်ပြီး ဟိုင်းဝေးလမ်းမှာ ဘက်ထရီအား ရာခိုင်နှုန်းနည်းနေရင် ဆီထည့်ပြီး ကားရဲ့ဘက်ထရီကို အားဖြည့်ပေးနိုင်တဲ့ စက်ပါတပ်ဆင်ပေးထားပါတယ်''ဟု မစ္စတာ YU JIAN CHEN က ပြောသည်။
-
NEW ENERGY CAR (HYBRID) လျှပ်စစ်(ဘက်ထရီ)ကား KSD-V1 နှင့် KSD-V2  နှစ်မျိုးကို တရုတ်နိုင်ငံ YUE DI နှင့် မြန်မာနိုင်ငံ KHAINGKHAING SANGDA MOTORCAR စက်ရုံတို့ ပူးပေါင်းကာပထမဆုံးဖက်စပ် ထုတ်လုပ်ခြင်း ဖြစ်ကြောင်း သိရသည်။ KSD-V1 အမျိုးအစားသည် ငါးယောက် စီးနင်းနိုင်ပြီး တစ်နာရီလျှင် အမြန်နှုန်း ၅ဝ ကီလိုမီတာဖြင့် မောင်းနှင်နိုင်ကာ အားပြည့်နေလျှင် ၁ဝဝကီလိုမီတာအကွာအဝေးကို တစ်ဆက်တည်း သွားနိုင်သည်။ LITHIUM BATTERY အမျိုးအစားကို အသုံးပြုထားပြီး စွမ်းဆောင် နိုင်မှုပမာဏ 100 AH  ရှိကာ အင်ဂျင်ပါဝါ 200 CC  ရှိသည်။ KSD-V2  အမျိုးအစားသည်ငါးယောက်စီးနင်းနိုင်ပြီး အင်ဂျင်ပါဝါ 800 CC ရှိသည်။
-
မြန်နှုန်း ၉ဝ ကီလိုမီတာအထိ မောင်းနှင်နိုင်ကာ ပုံမှန်တစ်နာရီလျှင် ၅၅ ကီလိုမီတာ မြန်နှုန်းမြင့် မောင်းနှင်နိုင်ပြီး ဘက်ထရီ အားပြည့်ချိန်တွင် ၈ဝဝ ကီလိုမီတာ မောင်းနှင်နိုင်ကြောင်း သိရသည်။ LEAD ACID CELL ဘက်ထရီ အမျိုးအစားကို အသုံးပြုထားပြီး စွမ်းဆောင်နိုင်မှု ပမာဏ 150 AH ရှိကြောင်း သိရသည်။ KSD-V1 အမျိုးအစားကို ငွေကျပ် ၉၃ သိန်းဖြင့် ဝယ်ယူနိုင်ပြီး ဘက်ထရီအာမခံတစ်နှစ်ခွဲပေးထားသည်။ KSD-V2 အမျိုးအစားမှာ ငွေကျပ် ၁၃၉ သိန်းဖြင့်ဝယ်ယူနိုင်ပြီး ဘက်ထရီ အာမခံ ငါးနှစ်ရရှိမည် ဖြစ်သည်။ ကားအတွက် အာမခံပေးသည့် ကာလအတွင်းကား၏ စက်ပိုင်းဆိုင်ရာချွတ်ယွင်းမှုများကို အဆိုပါစက်ရုံမှ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသိရသည်။
-
မောင်မျိုး(ဧရာဝတီ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger