www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 18, 2019

သတင်းမီဒီယာ ဥပဒေ ပြင်ဆင်ရေး ဆွေးနွေးပွဲ ကျင်းပ

သတင်းမီဒီယာ ဥပဒေ ပြင်ဆင်ရေး ဆွေးနွေးပွဲ ကျင်းပ
-
ရန်ကုန်  ဖေဖော်ဝါရီ  ၁၇ 
-
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ ကြီးမှူးကျင်းပသော သတင်းမီဒီယာဥပဒေ ပြင်ဆင်ရေး ဆွေးနွေးပွဲကို ယနေ့တွင်ရန်ကုန် မြို့ ဖိုးစိန်လမ်းရှိ  Green  Hill  Hotel ၌ကျင်းပရာ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ ဥက္ကဋ္ဌ ဦးအုန်းကြိုင် (ဟံသာဝတီ)နှင့် ကောင်စီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ သတင်းမီဒီယာသမားများ၊ ဥပဒေပညာရှင်များနှင့် တခြားဆွေးနွေးဖက်သတင်းဌာန အဖွဲ့အစည်းများတက်ရောက်ကာ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီမှ သတင်းမီဒီယာ ဥပဒေမူကြမ်းကို အခန်းလိုက် ဆွေးနွေးကြကြောင်းသိရသည်။ 
-
''ဒီသတင်းမီဒီယာ ဥပဒေပြင်ဆင်ရေး ဆွေးနွေးပွဲမှာ ဆွေးနွေးတင်ပြကြမယ့် အချက်တွေ၊ ထည့်သွင်းပြင်ဆင်လိုတဲ့ အချက်တွေ များပါတယ်။ ဒါကိုအကြံပြုချက်တွေရယူပြီး စိစစ်သုံးသပ်မယ်။ အဆင့်ဆင့်ဆောင်ရွက်ပြီး  နှစ်နှစ်အတွင်းမှာ ဥပဒေပြဋ္ဌာန်းနိုင်လိမ့်မယ်လို့  ယုံကြည်တယ်။ ဒီနေ့မီဒီယာ လောကက တိုင်းပြည်ရဲ့ပြုပြင်ပြောင်းလဲရေး ကာလမှာ အရှုပ်ထွေးဆုံး အခြေအနေဖြစ်ပါတယ်။ ဖန်တီးတဲ့သတင်းတွေ၊ နှိုးဆွတဲ့ သတင်းတွေ၊ ဖွသတင်းတွေ စတဲ့သတင်းမျိုးစုံ ကြုံနေရပါတယ်။ ဒါကို ဘယ်လိုဖြေရှင်းမလဲဆိုရင် ကျွန်တော်တို့ မီဒီယာကောင်စီ အနေနဲ့က ဥပဒေ အားနည်းချက်တွေကြောင့် ဖြေရှင်းဖို့ မလုံလောက်ပါဘူး။ဒါကြောင့် သတင်းသမားတွေရဲ့ရပိုင်ခွင့်ကို တိတိကျကျ ဖော်ဆောင်နိုင်မယ့် ဥပဒေပေါ်ထွက်လာဖို့ ကြိုးစားနေရ တာပါ'' ဟု မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီ  ဥက္ကဋ္ဌဦးအုန်းကြိုင် (ဟံသာဝတီ) ကပြောသည်။ 
-
သတင်းမီဒီယာ ဥပဒေမူကြမ်း ပြင်ဆင်ရေး ကော်မတီအနေဖြင့် ပြင်ဆင်ရန် အချက်များကို ရယူထားပြီးဖြစ်သည်။ ယခုဆွေးနွေးပွဲသည် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ၏ မူကြမ်းရေးဆွဲထားသောသတင်းမီဒီယာ ဥပဒေ အခန်း(၁)မှ အခန်း(၁၁)အထိဖြစ်သည်။ ဆွေးနွေးပွဲတွင် တက်ရောက်လာကြသော တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ သတင်းမီဒီယာသမားများ၊ သတင်းအဖွဲ့အစည်းများ၊ဥပဒေပညာရှင်များက အခန်း လိုက် ဆွေးနွေးကြကြောင်းသိရသည်။
-
ထိုမှ တစ်ဆင့်ရရှိလာသော အချက်အလက်များကို စုစည်းကာ သတင်းမီဒီယာ ဥပဒေမူကြမ်းပြင်ဆင်ရေး ကော်မတီအနေဖြင့် ပြင်ဆင်ရန် အချက်များကို နောက်ဆုံးအဆင့် ရွေးချယ်အတည်ပြုပြီး ပြန်ကြားရေးဝန်ကြီးဌာနသို့ တင်ပြကာ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို  ၂ဝ၁၄ ခုနှစ် မေ ၃ ရက်က သတင်းမီဒီယာ ဥပဒေ၊ နည်းဥပဒေနှင့်သတင်းမီဒီယာ ကျင့်ဝတ်များကို အခြေခံကာဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ 
-
ယခုအခါတွင် မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီ ဒုတိယသက်တမ်း သုံးနှစ်အတွက်  ရွေးချယ်ဖွဲ့စည်းပြီး ဖြစ်ကြောင်း သိရသည်။ ယင်းသို့ ဥပဒေများကို လက်တွေ့ဆောင်ရွက်သည့်အခါ အားသာချက်များ၊ အားနည်းချက်များ ရှိနေကြောင်းသိရသည်။ ထို့ကြောင့် ၂ဝ၁၅ ခုနှစ်  နောက်ပိုင်းတွင် သတင်းမီဒီယာ ဥပဒေပြင်ဆင်ရေးကို ကြိုးပမ်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger