www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 19, 2019

ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရေး ဦးဆောင် ကော်မတီ ပထမအကြိမ် အစည်းအဝေး ကျင်းပ

ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရေး ဦးဆောင် ကော်မတီ ပထမအကြိမ် အစည်းအဝေး ကျင်းပ
-
နေပြည်တော်    ဖေဖော်ဝါရီ  ၁၈ 
-
ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း (Belt  and  Road  Initiative-BRI) အကောင်အထည်ဖော် ဆောင်ရွက်ရေး ဦးဆောင် ကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနဧရာဝတီ ခန်းမ၌ယနေ့နံနက် ၁ဝ နာရီတွင် ကျင်းပရာ ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက် အမှာစကား ပြောကြားသည်။ အစည်းအဝေးသို့ဦးဆောင်ကော်မတီ၏ ဒုတိယဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးမြင့်ဆွေ၊ ဦးဆောင်ကော်မတီ အဖွဲ့ဝင်များ ဖြစ်ကြသည့် ပြည်ထောင်စု ဝန်ကြီးများ၊  ပြည်ထောင်စုရှေ့နေချုပ်၊  ပြည်ထောင်စု စာရင်းစစ်ချုပ်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 
-
အစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ ဦးဆောင် အကောင် အထည်ဖော် မည့် ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းမှာ ကမ္ဘာ့နိုင်ငံ ၆ဝ ကျော် ပါဝင်ပတ်သက်လျက်ရှိပြီးအခြေခံအဆောက်အဦ ဆက်သွယ်ရေးသာမက ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မည့် ကျယ်ပြန့်သော အစီအစဉ် တစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ပထဝီ အနေအထားအရ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းတွင် မဟာဗျူဟာ ကျသည့် နေရာ၌ တည်ရှိ နေသည့် အတွက်  ပါဝင်ဆောင် ရွက်သွားရန်ရှိကြောင်း၊ ပူးပေါင်းဆောင်ရွက် မှုများသည် မြန်မာနိုင်ငံအတွက် သာမက ဒေသ အတွက်ကိုပါအကျိုးဖြစ်ထွန်းစေမည့် အခွင့်အလမ်းများ ပေါ်ပေါက်လာစေနိုင်ကြောင်း၊ သို့သော် စီမံကိန်းများကို ဆောင်ရွက်ရာတွင် နှစ်ဦးနှစ်ဖက် အကျိုးစီးပွားအတွက် မျှမျှတတ ဖြစ်အောင် မဟာဗျူဟာနှင့် နည်းဗျူဟာများချမှတ် ဆောင်ရွက် သွားရန် လိုအပ်ကြောင်း၊ ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းအား အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီး (၅)ရပ် နှင့်အညီ ဆောင်ရွက်သွားရန်လိုအပ်ချက်ကို အလေးပေးပြောကြား လိုကြောင်း၊ စီမံကိန်းများကို ဆောင်ရွက်ရာတွင် ပြည်သူများအတွက် ရေတိုအကျိုးဖြစ် ထွန်းရေးသာမကရေရှည်အကျိုး ကိုပါ ရှုထောင့်အမျိုးမျိုးက လေ့လာစိစစ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း အောက်တွင် ဆောင်ရွက်မည့် စီမံကိန်းများသည် မိမိတို့နိုင်ငံ၏ အမျိုးသားစီမံကိန်းများ၊ မူဝါဒများ၊ ပြည်တွင်းလုပ်ထုံးလုပ်နည်းများနှင့်လိုက်လျော ညီထွေမှုရှိရန်လိုအပ်ကြောင်း စသည်ဖြင့်  ထည့်သွင်းပြောကြားသည်။
-
ထို့နောက် ဦးဆောင် ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးမြင့်ဆွေက ရပ်ဝန်းနှင့်  ပိုးလမ်းမစီမံကိန်းနှင့် ပတ်သက် ၍ ဒေသတွင်း နိုင်ငံများ၏ အတွေ့အကြုံများကို  ဦးစွာ လေ့လာပြီးမိမိတို့နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အတွက် အမှန်တကယ်လိုအပ်ပြီး ပြည်သူလူထုအတွက်အကျိုးဖြစ်ထွန်းမှု ရှိစေမည့် စီမံကိန်းများ၊  လုပ်ငန်းစဉ်များကို မှန်ကန်စွာ ရွေးချယ် သွားကြရန်ဖြစ်ကြောင်း၊ ရပ်ဝန်းနှင့် လမ်းကြောင်းအစီအစဉ်ကို ကြီးကြပ်ကွပ်ကဲရေး၊  အကောင်အထည် ဖော်ရေး တို့အတွက် ဖွဲ့စည်း ထားရှိသည့် ကော်မတီအသီးသီးက လုပ်ငန်းစဉ်များကို အကောင်အထည် ဖော်ရာတွင်  အချိတ်အဆက်မိမိညှိနှိုင်းဆောင်ရွက်ကြမှ သာလျှင် ပိုမိုထိရောက်မှုရှိမည်ဖြစ်ကြောင်း၊ အထူးသဖြင့် စီမံကိန်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ကြရာတွင် အချိတ်အဆက် မိမိ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာပြည်ထောင်စု ဝန်ကြီးဌာနများနှင့် တိုင်း ဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအကြား ပိုမိုထိရောက်စွာ ညှိနှိုင်းဆောင်ရွက်ရေးသည် အရေးကြီးကြောင်း ထည့်သွင်း ပြောကြားသည်။ 
-
ထို့နောက် မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင် ရေးလုပ်ငန်း တိုးတက်မှု အခြေ အနေနှင့် ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က လည်းကောင်း၊ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ အကောင်အထည်ဖော်ရေးနှင့် ပတ်သက်၍ လုပ်ငန်းတိုးတက်မှု အခြေ အနေများကိုစီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး  ဦးစိုးဝင်းက လည်းကောင်း၊ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ ပေကျင်း မြို့၌ ၂ဝ၁၉ ခုနှစ်  ဧပြီလတွင်ကျင်းပမည့် ဒုတိယအကြိမ်ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း၏ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက် ရေးဖိုရမ်နှင့်ပတ်သက်၍ ပြင်ဆင်ဆောင်ရွက်ရန် အခြေအနေများကို အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က လည်းကောင်း အသီးသီး ရှင်းလင်း ပြောကြားသည်။ 
-
ထို့ပြင် အစည်းအဝေးသို့တက်ရောက်လာ ကြသူများက ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းအောက်မှ ပူးပေါင်း ဆောင်ရွက် လျက်ရှိသည့် ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ မိမိတို့ဌာနအလိုက်ဆောင်ရွက်မှု အခြေအနေများနှင့် သဘောထားအမြင်များကို ဆွေးနွေးတင်ပြကြသည်။ ယင်းနောက် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း နှင့်စပ်လျဉ်းသည့် အကောင်အထည်ဖော် ဆောင်ရွက်ရေး ဦးဆောင် ကော်မတီ ဥက္ကဋ္ဌနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တင်ပြမှုများအပေါ် ဖြည့်စွက်၍ လမ်းညွှန်မှာကြားပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger