-
ရန်ကုန် ဖေဖော်ဝါရီ ၁၂
-
ရန်ကုန်တိုင်းဒေသကြီး၌ ပထမဆုံး ကျင်းပသည့် မြန်မာ့သနပ်ခါး ပွဲတော်ကို ယနေ့တွင်ရန်ကုန်မြို့ ရှင်စောပုလမ်း ဝင်ပေါက်အနီး ပြည်သူ့ရင်ပြင်၌ ကျင်းပရာ လာရောက် လေ့လာသူများဖြင့်စည်ကားလျက်ရှိကြောင်း သိရသည်။ အဆိုပါသနပ်ခါးပွဲတော် ဖွင့်ပွဲသို့ နိုင်ငံကျော် အနုပညာရှင်များ၊ မြန်မာနိုင်ငံသနပ်ခါး စိုက်ပျိုးထုတ်လုပ်သူ လုပ်ငန်းရှင်များအသင်းနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီးဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
-
ပထမဆုံး ကျင်းပသောသနပ်ခါးပွဲတော်ဖြစ်သည့်အပြင် အများပြည်သူရုံးပိတ်ရက်(ပြည်ထောင်စုနေ့) ဖြစ်၍ ရန်ကုန်မြို့ပေါ်နေ ပြည်သူများ လာရောက်လေ့လာကြပြီး သနပ်ခါးတုံးများကို လေ့လာခြင်း၊ သနပ်ခါးလိမ်းခြင်း၊ နှစ်ချို့ သနပ်ခါးပင်ကြီးများကို လေ့လာခြင်း၊ မြန်မာ့ရိုးရာ ပုသိမ်ထီးပြကွက်များ၊ ရိုးရာ အသုံးအဆောင်ပစ္စည်းများနှင့် အလှဓာတ်ပုံများ ရိုက်ကူးခြင်းတို့ဖြင့် စည်ကားလျက်ရှိသည်။ ''မြန်မာ့ရိုးရာသနပ်ခါးဆိုတာက ရှေးခေတ် ဘုရင်များ လက်ထက်ကတည်းက သုံးစွဲလာတဲ့ အရာပါ။ အခုအခါ မြန်မာနိုင်ငံကသာမက ကမ္ဘာကပါ အမြတ်တနိုး တန်ဖိုးထားတဲ့ကုန်ပစ္စည်းတစ်ခုဖြစ်ပါတယ်။ သနပ်ခါးပွဲတော်ကိုအထက်မြန်မာပြည်မှာတော့ ကျင်းပဖူးပါတယ်။ ရန်ကုန်မြို့မှာတော့ အခုမှ ပထမဆုံး ကျင်းပဖြစ်တာပါ။ မြန်မာ့သနပ်ခါးကို ပိုမိုချစ်မြတ်နိုးပြီး လေ့လာလို့ရအောင်၊ မြန်မာ့သနပ်ခါးက အဖိုးတန် ရတနာတစ်ခုဆိုတာသိရအောင် ကျင်းပတာပါ။ ဒီပွဲမှာ နှစ်ပေါင်း ၄ဝ လောက်ရှိတဲ့ သနပ်ခါးပင်ကြီးတွေ၊ အမြစ်ဆုံကြီးတွေ၊ သနပ်ခါးအခေါက်တွေနဲ့ အမှုန့်တွေအပြင် သနပ်ခါးကနေ ထုတ်တဲ့ ကုန်ပစ္စည်းမျိုးစုံ ပါပါတယ်'' ဟု မြန်မာ့သနပ်ခါး ပွဲတော်ဦးစီး ကျင်းပရေးမှ ကိုအောင်မြတ် ကပြောသည်။
-
မြန်မာ့သနပ်ခါးပွဲတော်တွင် မြန်မာနိုင်ငံ၏ သနပ်ခါးထွက်ရာ ဒေသများဖြစ်သော မြိုင်၊ အရာတော်၊ ရေစကြိုမြို့တို့မှ သနပ်ခါးစိုက်ပျိုး ထုတ်လုပ်သူများ၊သနပ်ခါးအသင်းများ၊ သနပ်ခါးထုတ်လုပ်သူ လုပ်ငန်းရှင်များစသည့် အဖွဲ့ အစည်းပေါင်း ၃ဝ က ရွှေဘို၊ ရှင်မတောင် သနပ်ခါးအမျိုးမျိုး၊ သနပ်ခါးကို အချောထုတ်ကာ ပြုလုပ်ထားသော သနပ်ခါးအရည်၊နှစ်ရှည်သနပ်ခါးတုံးများ၊ အမွှေးဆီနှင့် တခြားသနပ်ခါးထုတ်ကုန်အမျိုးမျိုးတို့ကို ပြသရောင်း ချကြကြောင်း၊ မြန်မာ့သနပ်ခါး ပွဲတော်ကို ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၇ ရက်အထိခြောက်ရက်ကြာ ကျင်းပလျက် ရှိကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment