www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 22, 2019

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ချင်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်၊ ပြည်နယ်တရား လွှတ်တော်နှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်တွေ့ဆုံ

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ချင်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်၊ ပြည်နယ်တရား လွှတ်တော်နှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်တွေ့ဆုံ
-
ဟားခါး ဖေဖော်ဝါရီ ၂၁ 
-
နိုင်ငံတော်သမ္မတသည် နံနက် ၁ဝ နာရီတွင် ဟားခါးမြို့ မြို့တော်ခန်းမ၌ ချင်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်၊ ပြည်နယ် တရားလွှတ်တော်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်၊ခရိုင်၊ မြို့နယ်များမှ ဌာန ဆိုင်ရာ တာဝန်ရှိ သူများနှင့် တွေ့ဆုံသည်။ 
-
တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက မိမိတို့နိုင်ငံတွင် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် တာဝန်ရှိသည့် ပုဂ္ဂိုလ်အားလုံးက တက်ညီလက်ညီ သန္နိဋ္ဌာန်ချ၍ ဆောင်ရွက်လျက်ရှိကြောင်း၊ထိုသို့ဆောင် ရွက်သည့် အခါ အစိုးရအဖွဲ့တစ်ဖွဲ့တည်းဖြင့် ပြုပြင်ပြောင်းလဲရေးဆောင်ရွက်နိုင်မည် မဟုတ်ကြောင်း၊ ပြုပြင်ပြောင်းလဲရာတွင် ဌာနဆိုင်ရာအဖွဲ့အစည်း အသီးသီးတွင်လည်းတာဝန်ရှိ ကြကြောင်း။မိမိတို့နိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်ကြောင်း၊ တိုင်းရင်းသားလူမျိုးများအားလုံးမပါဘဲ ပြည်ထောင်စုဟုပြော၍ မရကြောင်း၊ တိုင်းရင်း သားများအားလုံးပါဝင်မှသာ ပြည်ထောင်စုဟု ပြောနိုင်ကြောင်း၊တိုင်းရင်းသားပြည်သူများ အားလုံး တန်းတူညီမျှသည့်အခွင့်အရေးများရရှိရန်၊ ဖက်ဒရယ်အခွင့်အရေးများရရှိရန်၊ ဒီမိုကရေစီအခွင့်အရေးများ ရရှိရန်၊ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းအခွင့်အရေးများရရှိရန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။ 
-
ထိုသို့ ဆောင်ရွက်ရာတွင် အဓိကအားဖြင့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်ကြီးသုံးရပ်သည် အဓိက ကျကြောင်း၊ အုပ်ချုပ်ရေးအပိုင်းတွင် မိမိတို့ နိုင်ငံသူ၊ နိုင်ငံသားများအပေါ်တရားဥပဒေစိုးမိုးသည့် အုပ်ချုပ်ရေး စနစ်ဖြစ်စေ လိုကြောင်း၊ နိုင်ငံသူ၊ နိုင်ငံသားများကိုယ်လုံခြုံမှု၊  စိတ်လုံခြုံမှု၊ ပျော်ရွှင်ချမ်းမြေ့မှုပေးသည့် စီမံခန့်ခွဲသည့် ယန္တရား တစ်ခုဖြစ်စေလိုကြောင်း၊ နိုင်ငံသူ၊ နိုင်ငံသားများကို ဖိနှိပ်ချုပ်ချယ်သည့် အုပ်ချုပ်မှုမျိုး မဖြစ်စေလိုကြောင်း။ 
-
ထို့အတူ ဥပဒေပြုရေးမဏ္ဍိုင် အနေဖြင့်လည်း တရားမျှတသည့်ဥပဒေများ ဖြစ်စေရန်၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင် စုကို သွားမည်ဆိုပါက ဒီမိုကရေစီကျင့်စဉ်များ ပါဝင်သည့် ဥပဒေပြုရေးဖြစ်စေရန်၊ ဖက်ဒရယ်စနစ်များ ပါဝင်သည့် ဥပဒေပြုရေး ဖြစ်စေရန် ဥပဒေပြု ရေးမဏ္ဍိုင်က ပြဋ္ဌာန်းပေးရမည်ဖြစ်ကြောင်း၊ ပြည်နယ်အတွက် လိုအပ်သည့် ဥပဒေများကို မှန်မှန်ကန်ကန် ပြဋ္ဌာန်းပေးနိုင်မှသာ အဆိုပါဥပဒေနှင့်အညီ အုပ်ချုပ်ရေးမဏ္ဍိုင်က အုပ်ချုပ်မည်ဖြစ် ကြောင်း၊ ယခင်ဥပဒေအတိုင်းသာတည်ရှိနေပါက စီမံခန့်ခွဲသည့် အုပ်ချုပ်ရေး အပိုင်းတွင်လည်း ယခင်အတိုင်းပင် ဖြစ်နေမည် ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် ဥပဒေပြု ရေးမဏ္ဍိုင်တို့ ဟန်ချက်ညီရန် ဂရုစိုက်စေလိုကြောင်း။ တရားစီရင်ရေးကဏ္ဍနှင့် စပ်လျဉ်း၍ လွတ်လပ်သော တရားစီရင်ရေးဖြစ်ရန်လိုအပ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံပုဒ်မ ၁၁ (က)အရ ဥပဒေပြုရေး၊  အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍတစ်ခုနှင့် တစ်ခုဝင်စွက်ဖက်၍မရကြောင်း၊ တရားသူကြီး ၏ဆင်ခြင်တုံတရားအရ ဆုံးဖြတ်ဆောင် ရွက် ချက် မှန်ကန်မှု၊ မျှတမှု ရှိ၊ မရှိကိုသာအုပ်ချုပ်ရေးပိုင်းနှင့် ဥပဒေပြု ရေးပိုင်းက အပြန်အလှန် ထိန်းကျောင်းပေးရမည်သာဖြစ်ကြောင်း။
-
အစိုးရအဖွဲ့၏ ပြုပြင်ပြောင်းလဲသည့် ပေါ်လစီကို အကောင်အထည်ဖော်ရာတွင်တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရ အဖွဲ့များသည် အဓိကကျပြီးအကောင်အထည်ဖော်ပေးရမည် ဖြစ်ကြောင်း၊ မိမိတို့တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရန်နှင့်အနာဂတ်မျိုးဆက်သစ်များ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးအသီးအပွင့်များကို ခံစားနိုင်အောင် လက်တွေ့ပြုပြင် ပြောင်းလဲ ရေးများကို ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။ 
-
နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်အပေါ် သစ္စာရှိ၍ နိုင်ငံတော်၏ ကျေးဇူးတရားကို သိရှိကာ ပြဋ္ဌာန်းထားသော နိုင်ငံ့ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာရမည်ဖြစ်ကြောင်း၊ထိုသို့ လေးစားလိုက်နာသော နိုင်ငံ့ဝန်ထမ်းကောင်းများ တိုးပွားလာပါက နိုင်ငံလည်းကောင်းမည် ဖြစ်ကြောင်း။ ပြည်နယ်အစိုးရအနေဖြင့် စီမံကိန်းတစ်ခု ဖော်ဆောင်မည်ဆိုပါကယင်းစီမံကိန်းသည်မိမိဒေသအတွက်  အကျိုးရှိ၊ မရှိနှင့် အမှန် တကယ် လိုအပ်မှု ရှိ၊ မရှိ၊ စီမံကိန်းဖြစ်နိုင်ခြေရှိ၊ မရှိတို့ကို  စဉ်းစားတွက်ချက်ဆောင်ရွက် သွားရ မည်ဖြစ်ကြောင်း၊ ထိုသို့စဉ်းစားရာတွင် လွှတ်တော်ပိုင်းကစီမံကိန်းတစ်ခု၏ ငွေကြေးကုန်ကျမှု၊    ဒေသပေါက်ဈေး စသည်တို့ကို စစ်ဆေးရမည့်အပြင် စာရင်းစစ် အပိုင်းကလည်း ပြည်သူ့ဘဏ္ဍာများ လေလွင့်ဆုံးရှုံးမှုမရှိစေရန် ကြည့်ရှုရ မည်ဖြစ်ကြောင်း၊ မိမိတို့အမှန်တကယ်လိုအပ်၍လုပ်ဆောင်ရပါက အချိန်နှင့် တစ်ပြေးညီပြီးစီးအောင် ဆောင်ရွက်ရမည့်အပြင်အမှန်တကယ် ကုန်ကျစရိတ်မှပိုလျှံသည်များကို နိုင်ငံတော်သို့ ပြန်လည်အပ်နှံရမည်ဖြစ်ပြီး ဘဏ္ဍာ ရေးစည်းမျဉ်း စည်းကမ်းနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေကို ကိုင်တွယ်သုံးစွဲရာ၌ ခြိုးခြိုးခြံခြံဖြင့် စနစ်တကျသုံးစွဲရမည်ဖြစ်ကြောင်း။ မူးယစ်ဆေးဝါးပြဿနာမှာ ပြည်ထဲရေး ဝန်ကြီးဌာနမှတာဝန်ရှိသူများ၏ ကြိုးပမ်း ဆောင်ရွက်မှုများရှိကြောင်း၊ မူးယစ်ဆေးဝါး ကိစ္စများတွင် တချို့ကမသိချင်ယောင်ဆောင်၍မျက်နှာလွှဲထားသည်များရှိကြောင်း၊ ဖမ်းဆီးရမည်ကို မဖမ်းဆီးဘဲထားခြင်း၊ အရေးယူရမည်ကို အရေးမယူဘဲထားခြင်းစသည့်ကိစ္စများ တွေ့ရှိလာပါက တိတိကျကျ အရေး ယူသွားမည် ဖြစ်ကြောင်း။ 
-
တရားစီရင်ရေးကို ပြန်လည်တည့်မတ်ရမည် ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးမှုရှိမှဒီမိုကရေစီ တည်တံ့ခိုင်မြဲ မည်ဖြစ်ကြောင်း၊ နိုင်ငံသူ၊နိုင်ငံသားများအားလုံးတရားဥပဒေရှေ့မှောက်၌ ညီတူညီမျှဖြစ်ရမည်ဖြစ်ကြောင်း၊ သို့မှသာတရားဥပဒေ၏အရိပ်အာဝါသကို နိုင်ငံသူ၊ နိုင်ငံသားတိုင်းခံစားရမည်ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးမှုရှိမှသာ ပြည်တွင်း ငြိမ်းချမ်းရေးအတွက်အထောက်အကူဖြစ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီအခွင့်အရေး၊ လူ့အခွင့်အရေး၊ တရား ဥပဒေစိုးမိုးရေးများသည် ချိတ်ဆက်နေကြောင်း၊ တစ်ခုချိုးဖောက်လျှင် အခြားတစ်ခုလည်း ချိုးဖောက်ခံရမည်ဖြစ် ကြောင်း။ နိုင်ငံတော်အစိုးရ၏ လုပ်ငန်းတစ်ခု၊ မူဝါဒ တစ်ခုချမှတ်ပါက ပြည်နယ်အစိုးရအနေဖြင့် ယင်းလုပ်ငန်းစဉ် မည်မျှပြီးစီး သည်ကို မျက်ခြည် မပြတ်ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းစဉ်၏လိုအပ်ချက်များကို  ဌာနဆိုင်ရာအဖွဲ့ အစည်းများအား ပြုပြင်ခြင်း၊ ညွှန်ပြသင့်သည်များကို ညွှန်ပြခြင်းများ၊ ကြီးကြပ်ကွပ်ကဲခြင်းတို့  ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း ပြောကြားသည်။ -
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်း လျန်လွယ်က ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ဆောင်ရွက် နေမှုများကို လည်းကောင်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲကလွှတ်တော်ရေးရာလုပ်ငန်းဆောင်ရွက် မှုများကို လည်းကောင်း၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ် ဦးဝင်းမြင့်ကျော်က တရားလွှတ်တော်ရေးရာ လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က တင်ပြချက်များနှင့်စပ်လျဉ်း၍  ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊  နိုင်ငံသူ၊ နိုင်ငံသားများ၏ လိုအပ် ချက်များကို အတတ်နိုင်ဆုံးဖြည့်ဆည်း ပေးနိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ အထူးသဖြင့် နိုင်ငံတော် အစိုးရအနေဖြင့် မဖွံ့ဖြိုးသေးသည့် ဒေသများနှင့် တိုင်းရင်းသားများ၏ လိုအပ်ချက်များကို ဦးစားပေး ဆောင်ရွက်ပေး နေကြောင်း ပြောကြားသည်။ 
-
ထို့နောက် နိုင်ငံတော်သမ္မတသည် တွေ့ဆုံ ပွဲသို့ တက်ရောက်လာကြသူများအားရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။ မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတ နှင့်အဖွဲ့သည် ဖလမ်းမြို့နယ်(ဆူရ်ဘုန်)လေယာဉ်ကွင်းတည်ဆောက်ရေး စီမံကိန်းသို့ ရောက်ရှိကြရာ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းလွင်နှင့် ညွှန်ကြား ရေးမှူး ဦးကျော်စိုးတို့က (ဆူရ်ဘုန်) လေယာဉ် ကွင်းဆိုင်ရာအချက်အလက်များ၊ မြေသားလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဘဏ္ဍာငွေရရှိမှု အပေါ်မူတည်၍လုပ်ငန်းများအကောင်အထည် ဖော်ဆောင်ရွက်နေမှုနှင့်ပြီးစီးမှု၊ အရည်အသွေး ကောင်းမွန် စေရန် ကြီးကြပ်ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက် သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြ သည်။ 
-
ယင်းနောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်း လျန်လွယ်တို့က ဖြည့်စွက် ရှင်းလင်းတင်ပြကြသည်။ နိုင်ငံတော်သမ္မတကတင်ပြချက်များနှင့် စပ်လျဉ်းပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များဟန်ချက်ညီဖွံ့ဖြိုး တိုးတက်စေရန် အတွက် ဆောင်ရွက် ပေးလျက်ရှိကြောင်း၊   နိုင်ငံတော်အစိုးရအနေဖြင့် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကိုဦးစားပေး ဖြည့်ဆည်း ပေးလျက်ရှိကြောင်း၊ ယခုတည်ဆောက်လျက်ရှိသည့် (ဆူရ်ဘုန်) လေယာဉ်ကွင်းမှာ ရေရှည်တည်တံ့ခိုင်မြဲရေး၊ ဘေးအန္တရာယ် ကင်းရှင်း ရေးနှင့် သတ်မှတ်ချိန်အတွင်းစီမံကိန်းလုပ်ငန်းများပြီးစီးစေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။ ထို့နောက် နိုင်ငံတော်သမ္မတသည် ဖလမ်း မြို့နယ်(ဆူရ်ဘုန်)လေယာဉ်ကွင်း စီမံကိန်းလုပ်ငန်းခွင်အတွင်း မြေဖြတ်ခြင်း နှင့် တောင်ဖြို ခြင်းလုပ်ငန်းများ၏ဆောင်ရွက်ပြီးစီးမှုအခြေအနေတို့နှင့် မြေထိန်းနံရံတည်ဆောက်လျက်ရှိသည့် နေရာများကိုလှည့်လည်ကြည့်ရှုသည်။ 
-
ဖလမ်းမြို့နယ်(ဆူရ်ဘုန်) လေယာဉ်ကွင်း တည်ဆောက်ခြင်းဖြင့် တောင်တန်းထူထပ်ပေါများသောချင်းပြည်နယ် အတွင်းရှိ ဒေသခံပြည်သူများ၏ လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေပြီး လူမှုရေး၊ ကျန်းမာရေး၊  အုပ်ချုပ်ရေး၊လုံခြုံရေး ကိစ္စများ၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ခရီးသွားလာရေးလုပ်ငန်းနှင့် အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင် ရွက်နိုင်ပြီး ဒေသခံပြည်သူများ၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်းဖြင့် ချင်းပြည်နယ်  ဒေသဖွံ့ဖြိုး တိုးတက် လာမည်ဖြစ်ကြောင်း သိရသည်။ ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် (ဆူရ်ဘုန်)လေယာဉ်ကွင်းမှ ကလေးမြို့သို့ ရောက်ရှိပြီးထိုမှတစ်ဆင့် တပ်မတော်အထူး လေယာဉ်ဖြင့် ပြန်လည်ထွက်ခွာကြရာ နေပြည်တော်သို့ ညနေပိုင်းတွင် ပြန်လည်ရောက်ရှိ ကြသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger