www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 19, 2019

ရေစကြိုမြို့နယ် ဗလဗကျေးရွာ မြစ်ကမ်းပါးပြိုကျမှု သောင်တူးစက်ကြီးဖြင့် ရေလမ်းကြောင်း လွှဲပေးခြင်း လုပ်ဆောင်လျက်ရှိ

ရေစကြိုမြို့နယ် ဗလဗကျေးရွာ မြစ်ကမ်းပါးပြိုကျမှု သောင်တူးစက်ကြီးဖြင့် ရေလမ်းကြောင်း လွှဲပေးခြင်း လုပ်ဆောင်လျက်ရှိ
-
ရေစကြို  ဖေဖော်ဝါရီ  ၁၈
-
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ဗလဗကျေးရွာ အုပ်စုဗလဗကျေးရွာ မြစ်ကမ်းပါး ပြိုကျမှု ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများ ဧရာဝတီမြစ်ဝှမ်းဘက်စုံ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း  (AIRBM)  မှကူညီပံ့ပိုးမှုဖြင့် ရေအရင်းအမြစ်နှင့် မြစ်ကြောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန သောင်တူးဌာနမှ သောင်တူးစက်ကြီးများဖြင့် ရေလမ်းကြောင်း လွှဲပြောင်းခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 
-
ထိုသို့ဆောင်ရွက်ရာတွင်ကမ္ဘာ့ဘဏ်မှအကူအညီပေးမှုဖြင့် ရေအရင်းအမြစ်နှင့် မြစ်ကြောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သောင်တူးဌာနက သောင်ထွန်းနေသော ဗလဗကျေးရွာမြစ်တစ်ဖက်ကမ်းဘက်မှ  သဲသောင် များအား ဗ-၆ဝ၄ သောင်တူးရေယာဉ်နှစ်စီး၊ သောင်တူးသင်္ဘော caterpillar အမျိုးအစား စက်ကြီး 3512-B/954.5KW/caterpillar C18 ၊ 338.5 KW စတင်သောင်တူးလာခဲ့ရာယခုအခါ ရေစီးကြောင်း ပြောင်း လဲပေးနိုင်ပြီဖြစ်သည်။ ''ရွာဘက်ခြမ်း မြစ်ကမ်းပါးပြိုကျတိုက်စားမှု အရှိန်လျော့ကျစေဖို့ သဲသောင်ကိုဖြတ်ဖောက်ပြီး မြစ်ရေစီးကြောင်း လွှဲပေးနေတယ်။ BD-3  မြစ်ကြမ်းပြင်တူး မြေတူးစက်နဲ့ တူးဖော်ပြီး  မြေသယ်ရေယာဉ်နဲ့ မြေများသယ်ယူကာ ရွာဘက်ခြမ်း ရေစီးသန်သော ရေလမ်းကြောင်းမှသဲများချထားပြီး မြစ်ရေစီးကြောင်း ပြောင်းလဲစေဖို့ ပြုလုပ်ပေးနေပါတယ်''ဟု AE ဦးချစ်ဆန်းက ပြောပြသည်။
-
၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ပထမပတ်တွင် ကမ္ဘာ့ဘဏ်၏   အကူအညီဖြင့် (AIRBM) ဧရာဝတီမြစ်ဝှမ်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းမှ ဓမ္မရံသီ(ရွှေဘုံသာ) မြတ်စွာဘုရားကြီး အထက်အောက် ပေ ၃၂ဝ အတွင် ကွန်ကရစ်ပိုင်တိုင်များ စိုက်ထူပြီး ကွန်ကရစ်ကျောက်ရိုးစီခြင်း၊ အထက်ဘက်တွင်ထန်းသားတိုင်များဖြင့် ထန်းရေကာတာ တည်ဆောက်မည် ဖြစ်ကြောင်း ဗလဗကျေးရွာ ရပ်မိရပ်ဖ ဦးအေးမောင်ထွန်းထံမှသိရသည်။
-
သောင်တူးဌာနအနေဖြင့် သောင်တူးရေယာဉ်၊ မြေတူးရေယာဉ်၊ မြေသယ်ရေယာဉ်များဖြင့် မြစ်ကမ်းပါး တိုက်စားပြိုကျမှု သက်သာစေရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ မြစ်ကမ်းပါးစောက် အနက်သည် ၃၅ပေအနက်ရှိပြီး ဆင်ခြေလျှော ၅၈ ပေအနက်ရှိကာ ဘိုးပိုင် ၉၃ လုံးစိုက်ချိန်တွင် မြစ်ကမ်းပါး မာကြောခိုင်ခံ့မှုရှိစေရန် သဲအိတ်အလုံးရေ နှစ်သိန်းကျော်ချပြီး ဖြစ်ကြောင်းနှင့် မြစ်ရေတိုက်စားမှုဖြစ်ပေါ်နေသည့်ကျေးရွာဘက်ခြမ်း မြစ်ကမ်းပါး ပေ၂ဝဝဝ ကျော်အတွင်း မြေသားဆင်ခြေလျှော ပြုလုပ်ကာ Poly Fet စများခင်းခြင်းနှင့်   ထိုအစပေါ်မှ ဝါးကပ်များကာရံကာ (Geo bag)အိတ်များထပ်ဖိမည်ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ကြောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။ 
-
ထို့ပြင်သောင်ဖောက်တူးမြောင်း တူးနေသောနေရာတွင်လည်း တူးမြောင်းတူးကာ ရေလမ်းကြောင်း လွှဲပြောင်းပေးနေပြီ  ဖြစ်ကြောင်း၊  သောင်တူးရာတွင် ၁၂ လက်မသံပိုက်၊အရှည်ပေ ၂ဝ ရှိ သံပိုက်လုံး အလုံး ၅ဝ ခန့်  ဆက်ကာ သောင်တူးသင်္ဘောကြီးဖြင့် ကျောက်ခဲ၊သဲများအားပေ ၁ဝဝဝ ကျော် အကွာအဝေး ထိသဲများအား  မှုတ်ထုတ်ပေးရကြောင်း၊ ရေအရင်းအမြစ်နှင့် မြစ်ကြောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှလည်း အင်တိုက်အားတိုက်   ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
-
အဆိုပါမြစ်ကမ်းပါးပြိုကျမှုကြောင့် ရေစကြိုမြို့နယ် ဗလဗကျေးရွာတွင် ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၈ ခုနှစ် သုံးနှစ်အတွင်း အိမ်ထောင်စု ၉၈ စု ရွှေ့ပြောင်းခဲ့ရကြောင်းနှင့် ဉာတိကာရုံ ကျောင်းတိုက်ဝင်းအတွင်းသိမ်ကျောင်းဆောင် တစ်ဆောင်၊ ရွှေဘုံသာ မြတ်စွာဘုရားကြီး (ဓမ္မရံသီ) အနီးမှ သံဖြင့် ဆောက်လုပ်ထားသည့် တန်ဆောင်းတော် တစ်ဆောင်၊ အုတ်တန်ဆောင်းတော် တစ်ဆောင်၊ဉာတိကာရုံကျောင်းတော်ကြီးနှင့် အိမ်ခြေ ၁၇ဝ မီးပေးနိုင်သည့်မီးစက်ကြီးထားသည့် အဆောက်အအုံတို့မြစ်ကမ်းပါးတိုက်စားပြိုကျမှုကြောင့် ရွှေ့ပြောင်း ခဲ့ရကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger