www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 20, 2019

ဝါးတစ်ရာ စက်မှုဇုန် အထပ်သားစက်ရုံ မီးလောင်မှုဖြစ် တစ်ဦးသေဆုံး ၁၃ ဦးဒဏ်ရာရ

ဝါးတစ်ရာ စက်မှုဇုန် အထပ်သားစက်ရုံ မီးလောင်မှုဖြစ် တစ်ဦးသေဆုံး ၁၃ ဦးဒဏ်ရာရ
-
ရန်ကုန် ဖေဖော်ဝါရီ ၁၉ 
-
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် ဝါးတစ်ရာ စက်မှုဇုန်၌ ယမန်နေ့ ည၇ နာရီ ၁ဝ မိနစ်က အထပ်သားစက်ရုံ မီးလောင်မှု ဖြစ်ပွားရာ တစ်ဦးသေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိမှု ဖြစ်ပွားကြောင်း သိရသည်။ 
-
ဖြစ်စဉ်မှာ ရွှေပြည်သာမြို့နယ် ဝါးတစ်ရာစက်မှုဇုန် ဆိပ်ကမ်းသာလမ်းရှိ HONDA Myanmar Co.,Ltd. အထပ်သားစက်ရုံ၏ ခြံအကျယ်အဝန်း ၇ ဒသမ ၂ ဧကပေါ်၌ တည်ဆောက် ထားသော အလျားပေ ၂၄ဝ၊ အနံပေ ၈ဝ၊ အမြင့်ပေ ၄ဝ Steel Structure သွပ်မိုး၊ သွပ်ကာ၊ ကွန်ကရစ်ခင်း အဆောက်အအုံနှင့် အလျားပေ ၁၄ဝ၊ အနံပေ ၁၄ဝ၊ အမြင့်ပေ ၄ဝ Steel Structure သွပ်မိုး၊သွပ်ကာ၊ ကွန်ကရစ်ခင်း အဆောက်အအုံကြားရှိ အလျားပေ ၂ဝ၊ အနံ ၁၅ ပေ၊ အမြင့် ၈ ပေရှိ မြေပေါ်ကန်နှစ်ကန်မှ အထပ်သားများကို ကော်ဖတ်စားရာမှ ထွက်လာသောအမှုန့်၊ မြေပေါ်ကန် နှစ်ကန်ဘေးရှိ အလျား၁၅ ပေ၊ အနံ ၁၅ ပေ၊ အမြင့် ၅ ပေ အထပ်သားများကို ကော်ဖတ်စားရာမှ ထွက်လာသော အမှုန့်အပုံနှင့် အလျားပေ ၂၄ဝ၊အနံပေ ၈ဝ၊ အမြင့်ပေ ၄ဝ Steel Structure သွပ်မိုး၊ သွပ်ကာ၊ ကွန်ကရစ်ခင်း အဆောက်အအုံရှေ့ အလျားပေ ၆ဝ၊ အနံပေ ၂ဝ၊ အမြင့် ၁ဝ ပေ အထပ်သားများကို ကော်ဖတ်စားရာမှ ထွက်လာသော အမှုန့်အပုံတို့မှ မီးလောင်မှုဖြစ်ပွားခြင်းဖြစ်သည်။ 
-
မီးလောင်မှု ဖြစ်ပွားရာသို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ညွှန်ကြားရေးမှူး ဦးရဲမင်းသွေး၏ အနီးကပ်ကြီးကြပ်မှုဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၄ဝ၇ ဦးနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင် ၁၆၁ ဦးတို့က ရွှေပြည်သာမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် နှစ်စီး အပါအဝင်အခြားမြို့နယ် အသီးသီးမှ မီးငြှိမ်းသတ်ယာဉ် စုစုပေါင်း ၄၄ စီး၊ အထောက်အကူပြုယာဉ် စုစုပေါင်းငါးစီး၊ ကွပ်ကဲမှုယာဉ် စုစုပေါင်း ခုနစ်စီးတို့ဖြင့် မီးငြှိမ်းသတ်ရာ ည ၈ နာရီခွဲတွင်မီးငြိမ်းသွားသည်။ 
-
မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ စုစုပေါင်း ၁၄ ဦးရှိပြီး အင်းစိန်ဆေးရုံကြီး၌ ၁၂ ဦးနှင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၌ နှစ်ဦးဆေးကုသမှု ခံယူလျက်ရှိရာ အင်းစိန်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသော အလုပ်သမား ငြိမ်းချမ်းဦး ၃၁ နှစ်မှာ ယနေ့ နံနက်ပိုင်းတွင် သေဆုံးသွားကာကျန်ထိခိုက်ဒဏ်ရာရရှိသူ ၁၃ ဦးမှာ ဆေးကုသမှု ခံယူလျက်ရှိကြောင်းသိရသည်။ 
-
မောင်မျိုး(ဧရာဝတီ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger