www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 29, 2019

ယာကွန်သီးနှံ စိုက်ပျိုးလိုသူ တောင်သူများအတွက် နည်းစနစ်နှင့် မျိုးများကို ဖြန့်ဝေပေးမည်

ယာကွန်သီးနှံ စိုက်ပျိုးလိုသူ တောင်သူများအတွက် နည်းစနစ်နှင့် မျိုးများကို ဖြန့်ဝေပေးမည်
-
ရန်ကုန်  ဇန်နဝါရီ   ၂၈ 
-
ယာကွန်သီးနှံစိုက်ပျိုးလိုသူ တောင်သူများအတွက် နည်းစနစ်နှင့် သားတက်မျိုးများကို လာမည့်မတ်လအတွင်း စတင်ဖြန့်ဝေပေးမည် ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီရာသီ သီးနှံဌာနခွဲဦးစီးအရာရှိ ဦးစောဝင်းနောင်ထံမှ သိရသည်။ 
-
''တောင်သူတွေ   စိတ်ဝင်စားလို့ စိုက်ပျိုးချင်တယ်ဆိုရင်ကျွန်တော်တို့ ဌာနအနေနဲ့ သားတက်တွေနဲ့ စိုက်ပျိုးနည်းစနစ်တွေ ဖြန့်ဖြူးပေးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ မတ်လနဲ့ ဧပြီလအတွင်းမှာ စတင်ဖြန့်ဖြူးပေးသွားမှာ ဖြစ်ပါတယ်။ ဆေးဖက်ဝင်ပြီး ဈေးကွက်အရ တွက်ခြေကိုက်တဲ့ သီးနှံဖြစ်တဲ့အတွက် ယခုအခါမှာ တောင်တန်းဒေသက တောင်သူတွေပါ စိုက်ပျိုးမှု တစ်နှစ်ထက်တစ်နှစ်များပြားလာပါတယ်''ဟု စိုက်ပျိုးရေး ဦးစီးဌာန ကော်ဖီရာသီ သီးနှံဌာနခွဲ ဦးစီးအရာရှိ ဦးစောဝင်းနောင်က လှည်းကူးမြို့နယ် ဟင်းသီးဟင်းရွက် သစ်သီးဝလံ သုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာန၌ ကျင်းပသော အခမ်းအနားတွင် ပြောကြားခြင်းဖြစ်သည်။ 
-
ယာကွန်သီးနှံကို မြန်မာနိုင်ငံတွင် ယာကွန်၊ ရေကန်စွန်း၊ ဂျပန်အာလူး စသည်ဖြင့် အမျိုးမျိုးခေါ်ဝေါ်ကြောင်း၊ တောင်အမေရိကတိုက် အင်ဒီးစ်တောင်တန်း(အာဂျင်တီးနားမှ ကိုလံဘီယာ)စိုက်ခင်းလုပ်သားများ အဆာပြေ၊ ရေငတ်ပြေ စားသုံးရာမှ စတင်တွေ့ရှိ ခဲ့ကြောင်း၊ မြန်မာနိုင်ငံသို့ ၂ဝ၁၆ ခုနှစ်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းဒေသသို့ စတင်ရောက်ရှိခဲ့ကြောင်း၊ ယခုအခါ ပြင်ဦးလွင်၊ မိုးကုတ်၊ရှမ်းပြည်နယ် ရွာငံနှင့်ပင်လောင်း၊ ချင်းပြည်နယ် ဟားခါးနှင့် မင်းတပ်မြို့တို့အပြင် အချို့ကုန်းမြင့် ဒေသများတွင်လည်း စတင်စမ်းသပ် စိုက်ပျိုးလျက်ရှိကြောင်း၊ အဆိုပါသီးနှံသည်ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ၂၅ဝဝ မှ ပေ ၉ဝဝဝ ကြား  အပူချိန် ၁၈ ဒီဂရီမှ ၂၅ ဒီဂရီကြား  စိုက်ပျိုးဖြစ်ထွန်း နိုင်ကြောင်း၊ စတင်စိုက်ပျိုးပြီး ခြောက်လအကြာတွင် ခူးဆွတ်နိုင်ကြောင်း၊ ခူးဆွတ်ခြင်းမပြုဘဲ မြေကြီးထဲတွင် သုံးနှစ်ကြာအထိ ထားရှိနိုင်ကြောင်း၊ယာကွန်သီးနှံသည် နေကြာရိုင်းပင်နှင့် သဏ္ဌာန်တူပြီး အမြင့် ၄  ပေမှ  ၅ ပေအထိမြင့်ကြောင်း၊ကော်ဖီစိုက်ခင်းများအတွင်းတန်းကြားအဖြစ် စိုက်ပျိုးနိုင်ပြီး တစ်ဧက ၅၄၄၅ ပင် ဝင်ဆံ့ကာ တစ်ဧက ပိဿာ ၉ဝဝဝ ခန့် ထွက်ရှိနိုင်ကြောင်း၊ တစ်ဧကလျှင် အသားတင်အမြတ်ငွေ ကျပ်သိန်း ၃ဝ ခန့်ရှိနိုင်ပြီး မျိုးအဖြစ်ရောင်းပါက တစ်ဧကလျှင် ငွေကျပ်  ၁၄၅  သိန်းအထိ  ရရှိနိုင်ကြောင်း သိရသည်။ 
-
ယာကွန်ဥကို အစိမ်းစားသုံးနိုင်သည့် အပြင်တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် အခြောက်ခံ၍ လည်းကောင်း၊အနှစ်အရည်ပြုလုပ်၍ လည်းကောင်းဓာတ်စာအဖြစ် စားသုံးနိုင်ကြောင်း၊အထူးသဖြင့်ယာကွန်အရွက်ကို လက်ဖက်ခြောက်ပြု လုပ်၍ သောက်သုံးပါက ဆီးချိုရောဂါကို အထူးသက်သာစေနိုင်ကြောင်း၊ စိုက်ပျိုးလိုသူတောင်သူများ အနေဖြင့် နေပြည်တော် ရုံးအမှတ်(၅ဝ) ဖုန်း-ဝ၆၇-၄၃၁၃၁၅ နှင့် ၄၃၁၂ဝ၅ သို့ လည်းကောင်း၊ ပြင်ဦးလွင် ဖုန်း-ဝ၈၅-၂၂၁၃၆ သို့ လည်းကောင်း ဆက်သွယ်နိုင်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger