www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 10, 2019

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အထက်နမ့်ထွမ် ရေအားလျှပ်စစ် စီမံကိန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အထက်နမ့်ထွမ် ရေအားလျှပ်စစ် စီမံကိန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်
-
ပူတာအို   ဇန်နဝါရီ   ၉ 
-
ကချင်ပြည်နယ် ပူတာအိုမြို့၌ ရောက်ရှိနေသည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးမင်းသူနှင့် ဦးအုန်းဝင်း၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ ပြည်နယ်ဝန်ကြီးများ၊တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အထက်နမ့်ထွမ် ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။ 
-
ဖွင့်ပွဲအခမ်းအနားကို  အထက်နမ့်ထွမ် ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံအနီးရှိ ယာယီမဏ္ဍပ်၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် အဖွဲ့ဝင်များနှင့် အတူ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင်၊ ဒုတိယဝန်ကြီး  ဒေါက်တာထွန်းနိုင်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံပြည်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ အခမ်းအနားတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က စီမံကိန်းတည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်  ဒေါက်တာခက်အောင်က အထက်နမ့်ထွမ် ရေအားလျှပ်စစ်စီမံကိန်းမှ ရရှိမည့်   အကျိုးကျေးဇူးများနှင့် စပ်လျဉ်း၍   ရှင်းလင်းတင်ပြသည်။
-
ယင်းနောက် အထက်နမ့်ထွမ် ရေအားလျှပ်စစ် စီမံကိန်းဆောင်ရွက်ချက် မှတ်တမ်း ဗီဒီယိုကိုပြသပြီး ဒေသခံပြည်သူ ဦးစောနွဲ့တင်လှက ကျေးဇူးတင်စကား ပြောကြားသည်။ ထို့နောက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က စီမံကိန်း တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ခဲ့ကြသည့်  ဝန်ထမ်းများအား ဂုဏ်ပြုသစ်သီးခြင်း များကို ပေးအပ်သည်။ ဆက်လက်၍ အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို အထက်နမ့်ထွမ် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံရှေ့ မျက်နှာစာ၌ ဆက်လက် ကျင်းပရာပြည်ထောင်စုဝန်ကြီး  ဦးဝင်းခိုင်၊ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင်၊ ပြည်နယ်ဝန်ကြီး ဦးဝင်းညွန့် နှင့် ဦးဝေလင်း၊ ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးခန်လင်နှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
-
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ  မှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး အထက်နမ့်ထွမ် ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံကမ္ပည်းမော်ကွန်းကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။ ထို့နောက်  အဆိုပါကမ္ပည်းမော်ကွန်းအား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်တို့က အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။ ဆက်လက်၍  နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် အထက်နမ့်ထွမ် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လွှတ်နေမှု အခြေအနေများကို လှည့်လည် ကြည့်ရှုသည်။ 
-
အဆိုပါအထက်နမ့်ထွမ် ရေအားလျှပ်စစ်စီမံကိန်းသည် ပူတာအိုမြို့၏အနောက်ဘက် ၇ မိုင်ခန့်အကွာတွင် တည်ရှိပြီး   စက်တပ်ဆင် အင်အား ၃ ဒသမ ၂ မဂ္ဂါဝပ်ရှိကာ နှစ်စဉ်ပျမ်းမျှကီလိုဝပ်နာရီ ၁၄ ဒသမ ၃ သန်း ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ဓာတ်အားကို ပူတာအိုမြို့ပေါ်ရပ်ကွက် ၁ဝ ရပ်ကွက်နှင့် မချမ်းဘော့မြို့ပေါ် ရပ်ကွက် လေးရပ်ကွက်အပါအဝင် ပတ်ဝန်းကျင်ကျေးရွာ ၂၃  ရွာသို့ ၂၄ နာရီ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက် ရှိကြောင်း သိရသည်။ ဆက်လက်၍  နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာပေးပြခန်းသို့ ရောက်ရှိရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး  ဦးအုန်းဝင်း၊  သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် ခါကာဘိုရာဇီ အမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးအောင်မောင်းတို့က ခါကာဘိုရာဇီ အမျိုးသား ဥယျာဉ်နှင့် ဖုန်ကန်ရာဇီဘေးမဲ့တော ဆိုင်ရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။ 
-
ယင်းနောက်နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ဇီဝမျိုးစုံမျိုးကွဲပညာပေး ပြခန်းပြကွက်များနှင့်  ဒေသရင်း သစ်ခွမျိုးစိတ်များကို လှည့်လည်ကြည့်ရှုသည်။ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်သည် ပူတာအိုခရိုင် နောင်မွန်မြို့နယ် ပန်နန်းဒင်ဒေသအတွင်း တည်ရှိပြီး ရေခဲဖုံးတောင်တန်းများနှင့် ဇီဝမျိုးစုံမျိုးကွဲများစုံလင်ရာ အမျိုးသားဥယျာဉ် တစ်ခုဖြစ်သည်။ 
-
အဆိုပါဥယျာဉ်ကို ၁၉၉၈ ခုနှစ် နိုဝင်ဘာ ၁ဝ ရက်တွင် အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ခဲ့ပြီး ၂ဝဝ၃ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် အာဆီယံ အမွေအနှစ်စာရင်းဝင် ဥယျာဉ်အဖြစ် သတ်မှတ်ခဲ့သည်။ ဥယျာဉ်၏ အကျယ်အဝန်းမှာ ၁၄၇၂ စတုရန်းမိုင်ရှိကြောင်း သိရသည်။ ဖုန်ကန်ရာဇီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကို ၂ဝဝ၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် ဖွဲ့စည်းထူထောင်ခဲ့ပြီး ပူတာအိုမြို့နယ်၊ မချမ်းဘော့မြို့နယ်နှင့် နောင်မွန်မြို့နယ်တို့တွင် တည်ရှိပြီး ဧရိယာအကျယ်အဝန်း ၁ဝ၄၄ စတုရန်းမိုင်ရှိကာ ဟိမဝန္တာအရှေ့ဖျား ဒေသမျိုးစိတ်များ ဖြစ်သည့်  သားမင်း၊ ပန်ဒါနီ၊ တောင်ဆိတ်နီ စသည်တို့အပါအဝင်  နို့တိုက်သတ္တဝါမျိုးစိတ် ၃၆ မျိုး၊ ငှက်မျိုးစိတ် ၃၇ဝ မျိုး၊ လိပ်ပြာ ၃၆ဝ မျိုး၊ တွားသွားနှင့် ကုန်းနေရေနေသတ္တဝါ ၈၂ မျိုးတို့ကို မှတ်တမ်းတင်ထားကြောင်း သိရသည်။ 
-
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ရဝမ်အမျိုးသား ဥယျာဉ်သို့ရောက်ရှိရာ  ရဝမ်ရိုးရာစာပေနှင့် ယဉ်ကျေးမှုအသင်းဝင် ဒေါ်နန်ဆိန်းက ရဝမ်ရိုးရာတဘက်ကို ဂုဏ်ပြုလွှမ်းခြုံပေးသည်။ ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ရဝမ်ရိုးရာမနောကွင်း၌ ရဝမ်ရိုးရာစာပေနှင့် ယဉ်ကျေးမှု အဖွဲ့ဝင်များနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး 

ရဝမ်ရိုးရာကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးသည်။ ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ရဝမ်အမျိုးသားပြတိုက်သို့ ရောက်ရှိပြီး ပြတိုက်ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးကာ ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ပြခန်းပြကွက်များကို ကြည့်ရှုသည်။ 
-
ဆက်လက်၍နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ဝင်များသည်တပ်မတော်ရဟတ်ယာဉ်များဖြင့်ပူတာအိုမြို့မှနောင်မွန်မြို့ခါကာဘိုရာဇီအမျိုးသားဥယျာဉ်နောင်မွန်ရှေ့တန်းစခန်းသို့ ရောက်ရှိကြသည်။ စခန်းတွင် သစ်တောဦးစီးဌာန  ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနိုင်ဇော်ထွန်းက စခန်းဆိုင်ရာ အချက်အလက်များ၊ ဥယျာဉ်အတွင်း တောရိုင်းတိရစ္ဆာန်များ ပျံ့နှံ့တည်ရှိမှု၊ ဖုန်ကန်ရာဇီတောရိုင်း တိရစ္ဆာန်ဘေးမဲ့တော၊ အမျိုးသားဥယျာဉ်၏ တောင်ပိုင်းနှင့် အမျိုးသားဥယျာဉ်တို့ ပါဝင်သည့် ခါကာဘိုရာဇီဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းထည့်သွင်းရန် အမည်စာရင်း တင်သွင်းနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ သုတေသနပြု လုပ်နိုင်သည့် အခြေအနေများ၊ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဝန်ဆောင်မှုများနှင့် လေ့လာကြည့်ရှု အပန်းဖြေနိုင်သော အခွင့်အလမ်းများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် နောင်မွန်မြို့ လုံမောင်မြို့တော်ခန်းမ၌လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖဒေသခံ ပြည်သူများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
-
-
ထို့နောက် နောင်မွန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းဇော်ဟိန်းက   ဒေသဆိုင်ရာ အချက်အလက်များကို ရှင်းလင်း တင်ပြသည်။ ယင်းနောက် နောင်မွန်ဒေသခံပြည်သူ ဦးဆင်လုံဖုန်ဆန်းက ဒေသဖွံ့ဖြိုးရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကို အမြန်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဒေသနေပြည်သူများအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးခြောက်၊ ခေါက်ဆွဲခြောက်၊ ကြက်သွန်ဖြူ နှင့်   ကြက်သွန်နီ စသည့် စားနပ်ရိက္ခာများကို တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများထံ ထောက်ပံ့ပေးအပ်သည်။ 
-
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်ရဟတ်ယာဉ်များဖြင့် နောင်မွန်မြို့မှ ပူတာအိုမြို့သို့ရောက်ရှိကြပြီးထိုမှတစ်ဆင့် လေကြောင်းခရီးဖြင့် မြစ်ကြီးနားမြို့သို့ရောက်ရှိကြရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသနေပြည်သူ များနှင့် တာဝန်ရှိသူများက မြစ်ကြီးနားလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။      
-
ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မော်တော်ယာဉ်ဖြင့် ခေတ္တတည်းခိုမည့် မြစ်ကြီးနားမြို့ Palm Spring ဟိုတယ်သို့ေ ရာက်ရှိပြီး ဟိုတယ်ခန်းမ၌ ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုမြို့နယ် မလိခွမ်ရွာမှ ဦးဆုန်ဒမ်းဒီးဆားရ်နှင့် ဦးထလာနမ်ဆင်၊ လေယာဉ်ကွင်းရပ်ကွက်မှ ဦးဆုန်ဒမ်းယုံဆန်းနှင့်  ဦးထလာနမ်မင်၊ ပန်နန်းဒင်မြို့ အရွမ်ဒမ်း(ခရောင်)ရွာမှ မောင်ဇုံပလီဖုန်ဇီ၊ မောင်ဆုန်ဒမ်းအောင်တန်၊ မောင်ဇုံပလီခင်၊ မောင်အရွမ်းဒမ်းခင်၊ မောင်ဆုန်ဒမ်းဆာရ်ရမ် နှင့် မဇုံပလီနန်ဗေးတို့ကိုတွေ့ဆုံသည်။
-
ထိုသို့တွေ့ဆုံရာတွင် တိုင်းရင်းသားများက ၎င်းတို့၏ လိုအပ်ချက်နှင့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်းတင်ပြရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတော်အစိုးရမှ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ပြန်လည်ရှင်းလင်းပြောကြား၍ တင်ပြချက်များကို အမြန်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။            
-
(၅ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger