www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 2, 2019

မြစ်ကြီးနား-မန္တလေး ရထားလမ်းပိုင်းရှိ ရထားလမ်းများ၊ဘူတာများနှင့် တံတားများ ကြည့်ရှုစစ်ဆေး

-
နေပြည်တော်  ဇန်နဝါရီ  ၁ 
-
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းတွင် မြစ်ကြီးနားဘူတာ၌ မြန်မာ့မီးရထားမှ အရာထမ်း/အမှုထမ်းများနှင့် တွေ့ဆုံ၍ လုပ်ငန်းပိုင်းဆိုင်ရာများကို မှာကြားသည်။ ပြည်ထောင်စုဝန်ကြီးသည် ဒီဇင်ဘာ ၃ဝ ရက် နံနက်ပိုင်းတွင် မြစ်ကြီးနားဘူတာမှ ရထားဖြင့်   ပြည်ထောင်၊ မရမ်း၊ နမ္မတီး၊ မိုးကောင်းနှင့် ပင်းဘောဘူတာတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဘူတာများ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ရန်မှာကြားသည်။ 
-
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပင်းဘောနှင့် နန်းခွင်ဘူတာကြား မိုင်တိုင်(၆၆ဝ/၁၄-၁၅)တွင် အရှည်ပေ၂ဝ တံတားကို ပေ ၄ဝ တံတားအဖြစ် တိုးချဲ့တည်ဆောက်မည့် နေရာနှင့် နန်းခွင်ဘူတာရှိ သံလမ်းများကို ကိုးချောင်းဆက်ရန် EIC ဂဟေစက်ရုံ တည်ဆောက်မည့် နေရာတို့ကို   ကြည့်ရှုစစ်ဆေးပြီး ဟိုပင်၊ မိုးညှင်း၊  နန်းစီးအောင်နှင့် နဘားဘူတာတို့ကို  ကြည့်ရှုစစ်ဆေး၍ လိုအပ်ချက်များ မှာကြားသည်။  
-
ဒီဇင်ဘာ ၃၁ ရက်နံနက်ပိုင်းတွင် ကောလင်းဘူတာ၌ မြန်မာ့မီးရထား အရာထမ်း/အမှုထမ်းများနှင့်တွေ့ဆုံပြီးကိုးထောင်ဘို့နှင့် ထန်းတပင်ဘူတာတို့တွင် သံလမ်းများကို စက်များဖြင့် ကိုးချောင်းဆက်နေမှုအားကြည့်ရှုစစ်ဆေးသည်။ မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်း၌ သံလမ်းဆက်ခြင်း လုပ်ငန်းများ ပြီးစီးပါက  ရထားမောင်းနှင်ချိန်ကို လျှော့ချပြေးဆွဲသွားနိုင်မည်ဖြစ်သည်။ 
-
ထို့နောက်  ပြည်ထောင်စုဝန်ကြီးသည် ကြိုတင်အားဖြည့် ကွန်ကရစ်ဇလီဖား စက်ရုံ(ခင်ဦး)၌   ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်းတွင် အသုံးပြုရန် ကွန်ကရစ်ဇလီဖားများ ထုတ်လုပ်နေမှုကိုကြည့်ရှု စစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းနှင့် အညီ အရည်အသွေးပြည့်မီစွာ ထုတ်လုပ်နိုင်ရေးနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးတို့ကို အလေးထား ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger