-
ဗန်းမောက် ဇန်နဝါရီ ၆
-
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် ခမိုးကျေးရွာအနီး တည်ဆောက်လျက်ရှိသော ဇလုံတောင်ယာဉ်ရပ်နားစခန်းနှင့် အပန်းဖြေစခန်းကို နှစ်နှစ်အတွင်း အပြီးတည်ဆောက် သွားမည်ဖြစ်ကြောင်း ယာဉ်ရပ်နား စခန်းကို တာဝန်ယူ တည်ဆောက်လျက် ရှိသော Terrain group Co.,Ltd.မှ စီးပွားရေးအကြံပေး၏ ပြောကြားချက်အရ သိရသည်။
-
အဆိုပါ ဇလုံတောင် ယာဉ်ရပ်နားစခန်းနှင့် အပန်းဖြေစခန်းသည် ဗန်းမောက်မြို့နယ် ဇလုံတောင်သို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်သော ခရီးသွားပြည်သူများ၏ မော်တော်ယာဉ်များ စနစ်တကျရပ်နားရန်အတွက် ခမိုးကျေးရွာအနီးတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ၂ဝ၁၈ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်တည်ဆောက်ခြင်းဖြစ်သည်။
-
''စီမံကိန်းတစ်ခုလုံးကို ၂၄ လအတွင်းမှာ အပြီးတည်ဆောက်သွားမယ်။ ဒီနေရာက မိုးရာသီဆို မိုးရွာသွန်းမှုများတဲ့ ဒေသဖြစ်တဲ့ အတွက် အလုပ်လုပ်ချိန်က နည်းပြီး အကြိုဖွင့်လှစ်နိုင်တဲ့ အဆင့်ကိုပဲ လုပ်နိုင်ခဲ့တယ်။ အခုအခြေအနေကတော့ ယာဉ်ရပ်နားစခန်းမှာ ကားတွေ စနစ်တကျနဲ့ အဝင်၊ အထွက် လုပ်နိုင်တယ်။ ခရီးသွားပြည်သူတွေ အနားယူ အပန်းဖြေနိုင်အောင် လုပ်ရသေးတယ်။ ၂ဝ၁၈ ခုနှစ်အတွင်းမှာတော့စီမံကိန်းတစ်ခုလုံးရဲ့ ၂၆ ရာခိုင်နှုန်းလောက်ပဲပြီးသေးတယ်။ ဘုရားဖူးလာတဲ့ပြည်သူတွေရဲ့ ငွေသုံးစွဲနိုင်မှုက အလွှာအမျိုးမျိုး ရှိကြတယ်။ဒါကြောင့် လူအများစုတည်းခိုနိုင်တဲ့ တည်းခိုဆောင်၊ သန့်စင်ခန်း၊အပန်းဖြေအနားယူနိုင်တဲ့ ညဈေးတန်းတွေကို ဦးစားပေး တည်ဆောက်မယ်။ ပြီးရင် ဟိုတယ်၊ မိုတယ်တွေကို ဆက်ပြီး တည်ဆောက်မယ်''ဟု Terrain group Co.,Ltd. မှ စီးပွားရေး အကြံပေးတစ်ဦးက ပြောသည်။
-
ဇလုံတောင်ယာဉ်ရပ်နားစခန်းနှင့် အပန်းဖြေစခန်းသည် အကျယ်ဧက ၃ဝ ကျယ်ဝန်းပြီး ခရီးသွားပြည်သူများ အပန်းဖြေနားနေနိုင်သည့်ပန်းခြံတစ်ခု၊ ယာဉ်အစီးရေ ၂ဝဝကျော် တစ်ပြိုင်နက် ရပ်နားဝင်/ထွက်နိုင်သည့် ကားပါကင်တစ်ခု၊ အများသုံးသန့်စင်ခန်းများ၊ လူအများစု တည်းခိုနိုင်သည့် တည်းခိုဆောင်များ၊ ညဈေးတန်းများ၊ ဟိုတယ်၊ မိုတယ်၊ ကျန်းမာရေးဆေးပေးခန်း၊ အရေးပေါ် ရှာဖွေကယ်ဆယ်ရေးနှင့် မီးသတ်ရုံ၊ လုံခြုံရေး စခန်းပါဝင်မည်ဖြစ်ကြောင်းနှင့် ၎င်းရပ်နားစခန်းနှင့် အပန်းဖြေစခန်းအား ၂ဝ၁၉ ခုနှစ် နှစ်ကုန်တွင် တည်ဆောက်ရေး လုပ်ငန်းများ ပြီးစီးမည်ဖြစ်ကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment