www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 11, 2018

ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း နှစ်(၇ဝ)ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပ

ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း နှစ်(၇ဝ)ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပ
-
ရန်ကုန်   ဒီဇင်ဘာ   ၁ဝ
-
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ဦးဆောင် ကျင်းပသည့်  ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာစာတမ်း(Universal Declaration of   Human Rights -UDHR)နှစ်(၇ဝ)ပြည့်အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီးလှိုင်မြို့နယ်ရှိ အပြည်ပြည်ဆိုင်ရာ စီးပွားရေး ဗဟိုဌာန(IBC)၌ ကျင်းပသည်။
-
အခမ်းအနားသို့ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန   ဒုတိယဝန်ကြီး  ဒေါက်တာမြလေးစိန်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ NGO၊ CSO များမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြ သည်။ အခမ်းအနားတွင်  နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ပေးပို့သည့် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း   နှစ်(၇ဝ)ပြည့် အထိမ်းအမှတ် သဝဏ်လွှာကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက ဖတ်ကြားသည်။
-
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက အမှာစကား ပြောကြားသည်။ ယင်းနောက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက အမှာစကား

ပြောကြားရာတွင် ပြည်သူများ၏   လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို ကာကွယ်စောင့်ရှောက်ရေးနှင့် ပတ်သက်၍ လူ့အခွင့်အရေး ဖောက်ဖျက်ခံရကြောင်း တိုင်တန်းချက်များကို ကော်မရှင်လုပ်ထုံးလုပ်နည်းများနှင့်အညီ စုံစမ်းစစ်ဆေး ဆောင်ရွက်ခြင်း၊ ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး အကျဉ်းထောင်၊ အကျဉ်းစခန်း၊  အချုပ်ခန်းနှင့် ထိန်းသိမ်း စောင့်ရှောက်ရေးစခန်းများသို့လည်း   အခါအားလျော်စွာ သွားရောက်၍ လူ့အခွင့်အရေး အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ စစ်ဆေးတွေ့ရှိချက်များနှင့် အကြံပြုချက်များကို သက်ဆိုင်ရာ ဌာနများသို့ လိုအပ်သလိုအရေးယူ ဆောင်ရွက်ရန် ပေးပို့ခဲ့ကြောင်း၊ ကော်မရှင်အနေဖြင့် လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပဋိပက္ခဖြစ်ပွားရာနေရာဒေသများသို့လည်း သွားရောက်၍   ဆောင်ရွက် လျက် ရှိကြောင်း၊  လူ့အခွင့်အရေး ခံစားရရှိနိုင်ရန် အတွက် တည်ငြိမ်အေးချမ်းမှု ရှိရေးသည် လည်း အရေးပါသည့် အချက်တစ်ချက်ဖြစ်ကြောင်း၊ကော်မရှင်အနေဖြင့် လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် အသိပညာပေးရေး လုပ်ငန်းများကို ယခုထက်ပိုမို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
-
ဆက်လက်၍ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် UN Resident & Humanitarian Coordinator,   Mr.Knut Ostbyတို့က အမှာစကားများ ပြောကြားကြသည်။ ထို့နောက် စာရေးဆရာမ မသီတာ(စမ်းချောင်း)က ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း အပါအဝင် အမျိုးသမီး အခွင့်အရေးနှင့် စပ်လျဉ်း၍ လည်းကောင်း၊ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌ  ဟံသာဝတီဦးအုန်းကြိုင်က သတင်းမီဒီယာ အခွင့်အရေးနှင့် စပ်လျဉ်း၍ လည်းကောင်း၊ မြန်မာနိုင်ငံ စာရေးဆရာများအသင်း ဒုတိယဥက္ကဋ္ဌ ဦးချစ်နိုင် (စိတ်ပညာ)က လူ့အခွင့်အရေးနှင့် ပတ်သက်သည့်သမိုင်းအကြောင်းအရာများကို လည်းကောင်း ပြောကြားကြသည်။ ထို့နောက် UDHR မှတ်တမ်းကို Video ဖြင့် ပြသခြင်း၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း နှစ်(၇ဝ)ပြည့် အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာ တာဝန်ရှိသူများက ဆုချီးမြှင့်ပြီး ဓာတ်ပုံပြပွဲကို  လှည့်လည် ကြည့်ရှုကြကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger