www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 3, 2018

မြန်မာ့မြေထည်လက်မှုပစ္စည်းများတစ်ရက်လျှင် ငွေကျပ်တစ်သိန်းဖိုးနီးပါးရောင်းချနေရ

-
ညောင်ဦး   ဒီဇင်ဘာ  ၂ 
-
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ရွှေစည်းခုံစေတီတော်၌ ယခုအခါ(၉၅၉)ကြိမ်မြောက် တန်ဆောင်တိုင်ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပလျက်ရှိရာ မြန်မာ့မြေထည်လက်မှုပစ္စည်း အရောင်းဆိုင်များ ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။အဆိုပါ မြေထည်လက်မှုပစ္စည်းများကို ရွှေစည်းခုံတန်ဆောင်တိုင်ဗုဒ္ဓပူဇနိယပွဲတော်၊ အာနန္ဒာဘုရားပွဲတော်၊ အလိုတော်ပြည့်ဘုရားပွဲတော်တို့၌ အဓိကရောင်းချရခြင်းဖြစ်ကြောင်း ဒေသခံမြန်မာ့ရိုးရာမြေထည်အရုပ်အမျိုးမျိုး ရောင်းချနေသည့် ဒေါ်အမာကြည်က ပြောသည်။
-
''မြေထည်ပစ္စည်းတွေကို သွားသွားဝယ်စရာမလိုဘူး။ ဖုန်းဆက်မှာလိုက်ရုံပဲ။ သူတို့က ကားနဲ့ပို့တယ်။ ရေကြောင်းကလည်းပို့တယ်။ ဂိတ်သွားယူရုံပဲ။ ဒီမြန်မာ့ရိုးရာစဥ့်ထည်၊မြေထည်အရုပ်တွေကို အရင်က သိပ်မရောင်းရဘူး။ မနှစ်ကရော၊ ဒီနှစ်ရောအတော်လေးရောင်းရတယ်။ မြန်မာပြည်အရပ်ရပ်က ပုဂံဒေသကို ဘုရားဖူးလာရင်းဝယ်ယူကြတယ်''ဟု ရန်ကုန်မြို့မှ ပုဂံ-ညောင်ဦးသို့ ဘုရားဖူးလာရောက်သည့် ဒေါ်စန္ဒာခင်က ပြောသည်။
-
အဆိုပါဗုဒ္ဓပူဇနိယပွဲတော်၌ မြင်းခြံမြို့နယ် ရန္တပိုကျေးရွာထွက်အိုးများ၊ ရွှေဘိုမြို့နယ် ကျောက်မြောင်းကျေးရွာထွက် အိုးပုတ်၊ ချိုးရုပ်များ၊ ရေစကြို ပခန်းနယ်ထွက် အိုးပုတ်၊ ချိုးရုပ်များ၊ မြစ်ခြေမှထွက်ရှိသည့် ထန်းခေါက်ဖာများ၊ မြင်းမူ၊ မန္တလေး၊ အင်းဝ၊ မင်းဘူး၊ ချောက်မြို့နယ် ဂွေးချိုရွာထွက် ကျောက်ပျဉ်များ၊ စဥ့်ထည်ပစ္စည်းများအား ရောင်းချလျက်ရှိရာ ဘုရားဖူးများအနေဖြင့် တစ်နေရာတည်းတွင် ဝယ်ယူနိုင်ကာဘုရားဖူးများ ပစ္စည်းတစ်ခုဝယ်ရင်း အခြားပစ္စည်းများပါ ဝယ်ယူခြင်းကြောင့် မြန်မာ့ရိုးရာမြေထည်၊ စဥ့်ထည် ကလေးကစားစရာ မြေထည်အရုပ်အမျိုးမျိုးကို တစ်ရက်လျှင် ငွေကျပ် တစ်သိန်းဖိုးနီးပါးရောင်းချနေရကာ ရွှေစည်းခုံဘုရားပွဲဈေးစဖွင့်သည့်နေ့ဆိုလျှင် ငွေကျပ် နှစ်သိန်းကျော်ဖိုးရောင်းချရကြောင်းနှင့် မြေထည်၊ စဥ့်ထည်ကစားစရာအရုပ်များသည် ဈေးနှုန်းချိုသောကြောင့် ရောင်းချရခြင်းဖြစ်ကြောင်း ဒေါ်အမာကြည်ကပြောသည်။
-
ကိုထိန်(ငါ့သရောက်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger