www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 5, 2018

ကလေးစာပေ ပွဲတော် (ပုသိမ်) ဒုတိယနေ့ စည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိ

ကလေးစာပေ ပွဲတော် (ပုသိမ်) ဒုတိယနေ့ စည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိ
-
ပုသိမ်   နိုဝင်ဘာ  ၄ 
-
ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ တို့ပူးပေါင်းကျင်းပသည့် ကလေးစာပေ ပွဲတော်  ဒုတိယနေ့တွင် ကျောင်းသား၊ ကျောင်းသူများ၊ မိဘပြည်သူများ၊ လာရောက်ကြည့်ရှုလေ့လာသူများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက် ရှိကြောင်း သိရသည်။ 
-
ပွဲတော်သို့လာရောက်ကြသော   ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ၊ ဒေသခံများအား ခန်းမ အပြင်ဘက်တွင် ရုပ်သေးအက၊ ဆင်အကနှင့် မျက်လှည့်များဖြင့်  ဖျော်ဖြေ တင်ဆက်လျက်ရှိပြီး  ကွန်ပျူတာတက္ကသိုလ်၊  နည်းပညာ တက္ကသိုလ်နှင့် အစိုးရစက်မှု လက်မှု သိပ္ပံကျောင်းများမှ ပြခန်းများ၊ အခြေခံပညာ ဦးစီးဌာနမှပြခန်းများ၊  ဌာနဆိုင်ရာမှ ပြခန်း များနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြသထားသည့် ထူးချွန်ထင်ရှားဧရာဝတီတိုင်းသားများ ပြခန်းတို့တွင်  ကြည့်ရှု လေ့လာသူများဖြင့် စည်ကားလျက်ရှိသည်။ 
-
ထို့ပြင် စာပေပွဲတော်ကျင်းပသည့် ဘွဲ့နှင်း သဘင်ခန်းမတွင်း၌ ဧရာဝတီတိုင်းဒေသကြီးရှိအခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက ဖျော်ဖြေရေးအစီအစဉ် ၃၁ ခုဖြင့် အလှည့်ကျဖျော်ဖြေပေးခဲ့ပြီး ဘွဲ့နှင်း သဘင်ခန်းမ Room-1 ၌ မူလတန်း(အထက်)ဆင့်နှင့် အလယ်တန်း(အောက်)ဆင့် ပုံပြော ပြိုင်ပွဲ၊ Room-2 နှင့် Room-3 တို့၌ စက္ကူ ခေါက်ပြိုင်ပွဲ၊ ဆေးရောင်ခြယ် ပြိုင်ပွဲနှင့် ပန်းချီ ပြိုင်ပွဲများကိုလည်း ကျင်းပသည်။ 
-
အလားတူ  ဘွဲ့နှင်းသဘင်ခန်းမရှေ့ဘယ်/ညာနှင့် စင်္ကြံလမ်းများ၌ Team Building၊  Science Fair နှင့် အရုပ်ဆက် ကစားခြင်း တို့ကို လည်းကောင်း၊ ပထမထပ်တွင် စကားပုံ ဆက်ကစားခြင်းနှင့် အိမ်ဆောက်လုပ်နည်း ကစားခြင်း တို့ကိုလည်းကောင်း၊ တက္ကသိုလ် ဘောလုံးကွင်း၌ ယူ-၁၄အမျိုးသား ဘောလုံးပြိုင်ပွဲနှင့် ထုပ်ဆီးတိုးပြိုင်ပွဲများကို လည်းကောင်း ကျင်းပလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာ ယှဉ်ပြိုင်ကစားခဲ့ကြသည်။ 
-
ထို့ပြင်  ပုသိမ်တက္ကသိုလ်ဘွဲ့နှင်းသဘင် ဒုတိယထပ် Dinning Room ၌  စာပေ ဟောပြောပွဲကို ကျင်းပ  လျက်ရှိရာ    စာရေးဆရာ ဒေါက်တာ ခင်မောင်ညိုက လူငယ်နှင့် အနာဂတ် ခေါင်းစဉ်ဖြင့် လည်းကောင်း၊  မောင်စိန်ဝင်း (ပန်းမြိုင် လယ်) က ကိုယ်သာ လျှင် အရှင်သခင် ခေါင်းစဉ်ဖြင့် လည်းကောင်း ဟောပြောခဲ့ကြောင်း သိရသည်။
-
ကျော်ကျော် (ဟင်္သာတ)
-
#မြ၀တီနေ့စဉ်သတင်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger