-
ပုသိမ် နိုဝင်ဘာ ၁၄
-
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်အတွင်းရှိ ကျေးရွာများ၌ ကိုရီးယားနိုင်ငံမှ နည်းပညာဖြင့် တရုတ်နိုင်ငံတွင် ထုတ်လုပ်သည့် အဆင့်မြင့်ထင်းသုံး မီးဖိုများကို ဧရာဝတီတိုင်းဒေသကြီး လူမှုဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့က ဦးဆောင်ကာ အခမဲ့ဖြန့်ဝေပေးလျက် ရှိကြောင်းသိရသည်။
-
အဆင့်မြင့်ထင်းသုံး မီးဖိုများကို ဧရာဝတီတိုင်းဒေသကြီး အတွင်း အလုံးရေ ငါးသိန်း အခမဲ့ဖြန့်ဝေမည်ဖြစ်ကာ ပထမဆုံးအနေဖြင့် နိုဝင်ဘာ ၁၁ ရက်က မြန်အောင်မြို့နယ် ရေလဲကျေးရွာ၌ အဆင့်မြင့်မီးဖို ၁၄၆ လုံးအခမဲ့ ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။
-
''ဒီမီးဖိုဟာ မီးခိုးထွက်တာ သက်သာတယ်။ နောက်တစ်ချက်က ထင်းကုန်ကျမှု သက်သာတဲ့အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ တကယ့်ကိုသင့်လျော်တဲ့ မီးဖိုတစ်လုံးဖြစ်ပါတယ်။ ဒီမီးဖိုကို Ecoeye ဆိုတဲ့မြန်မာကုမ္ပဏီက ကိုရီးယားနိုင်ငံမှာ အခြေပြုတဲ့ နည်းပညာဖြစ်ပါတယ်။ ထုတ်တာကတော့ တရုတ်နိုင်ငံမှာဖြစ်ပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံက ဒီပုသိမ်မြို့မှာ အခြေပြုတဲ့ ဧရာဝတီ လူမှုဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့နဲ့ Ecoeye မြန်မာနဲ့ ပူးပေါင်းပြီးတော့ ဒီမီးဖိုကို အခုလိုဖြန့်ဝေတာ ဖြစ်ပါတယ်'' ဟု ဧရာဝတီတိုင်းဒေသကြီး လူမှုဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့မှ မီးဖိုဖြန့်ချိရေး တာဝန်ခံ ဦးနေဝင်းဇော်က ပြောသည်။
-
''မသုံးဖူးသေးတဲ့ အရာဖြစ်တဲ့အတွက် စမ်းပြီးသုံးကြည့်ချင်ပါတယ်။ အကျိုးအမြတ်ကလည်း ထင်းကုန်သက်သာတယ်။ မီးခိုးမထွက်ဘူးဆိုတော့ ကလေး၊ လူကြီး ကျန်းမာရေး အတွက်ရော၊ ငွေကုန်ကြေးကျ အတွက်ရော ထင်းကိုဝယ်စိုက်လို့ရှိရင် ငွေကျပ် ၁ဝဝဝ ဖိုးဝယ်လို့ ကုန်မယ့်ဟာက ၅ဝဝ ဖိုးပဲ ကုန်မှာဆိုတော့ အဲဒါကိုလည်း စိတ်ဝင်စားလို့ သုံးလည်း သုံးကြည့်ချင်လို့ပါ။ အဆင်ပြေသွားရင်တော့ နောက်လူတွေသုံးဖို့လည်း ပြောပြမှာပါ''ဟု မြန်အောင်မြို့နယ် ရေလဲကျေးရွာနေ ဒေါ်ခိုင်သန္တာထွန်းက ပြောသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ





No comments:
Post a Comment