www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 3, 2018

မော်လမြိုင်ကျွန်းမြို့၌ ရွှေထည်ပစ္စည်း ရောင်းအား ကျဆင်းပြီး ပေါင်နှံသူသာ များပြားနေ


မော်လမြိုင်ကျွန်း အောက်တိုဘာ ၂
-
ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့၌ ၂ဝ၁၈ ခုနှစ် အောက်တိုဘာ လဆန်းပိုင်းတွင် ရွှေထည်ပစ္စည်းများ ရောင်းအား ကျဆင်းကာ အပေါင်အပ်သူသာ များပြားနေကြောင်း  ဒေသတွင်းရှိ ရွှေဆိုင်များထံမှ သိရသည်။
-
''သြဂုတ်လကုန်ပိုင်း  စက်တင်ဘာ လဆန်းပိုင်းမှစကာ လက်ရှိအချိန်ထိ ရွှေရောင်းအား ကျဆင်းနေဆဲဖြစ်ပါတယ်။ ရောင်းအား ကျဆင်းပြီး အထည်ပစ္စည်းတွေကို အပေါင်နဲ့ လာအပ်သူတွေကတော့   တစ်ရက်ကို ငွေကျပ်  သိန်း ၃ဝဝ ကျော်ကျော်လောက် ထုတ်နေရပါတယ်။ လာရောက်အပ်နှံ အပေါင်ထားသူတွေကတော့ တောင်သူတွေ အများစုဖြစ်ပါတယ်။ရောင်းအားကတော့ ဆယ်ဂဏန်းလောက်သာ ရှိပါတယ်''ဟု ဧရာဝတီတိုင်း ဒေသကြီး   မော်လမြိုင်ကျွန်းမြို့ရှိ  သိန်းကမ္ဘာ ရွှေဆိုင်ပိုင်ရှင် ဒေါ်သိန်းသိန်းအေး က ပြောသည်။
-
မော်လမြိုင်ကျွန်း ဒေသခံများသည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို အများဆုံး လုပ်ကိုင်ကြပြီး လက်ရှိတွင် လယ်ယာလုပ်ငန်းခွင်ဝင် ကာလဖြစ်သောကြောင့် ငွေကြေး ကျပ်တည်းလာသဖြင့် ရွှေထည်ပစ္စည်းများ  ပြန်လည်အပေါင် ထားလာကြခြင်း ဖြစ်သည်။
-
'' အခု လယ်ယာလုပ်ငန်းတွေက စတင်ဝင်နေရပြီ။  အစိုးရဘဏ်ချေးငွေက ထုတ်ကို မထုတ်သေးတော့ ငွေကြေးအကျပ်အတည်း ဖြစ်နေတဲ့အတွက် အလွတ်ချေးရင်   အတိုးနှုန်းတွေကကြီးလို့ စပါးပေါ်ချိန် သူ့လုပ်ကျွေးသလို ဖြစ်နေတဲ့အတွက်  ရွှေထည်ပစ္စည်းလေးတွေကို အခုလို အပေါင်ထားရတာဖြစ်ပါတယ်။  လယ်စရိတ် သွင်းကာမှ  အချိန်တန်  စပါးရမှာမို့ စွန့်စားရတာပါ'' ဟု မော်လမြိုင်ကျွန်းမြို့  ဒေသခံတောင်သူ ဦးရွှေခင် ကပြောသည်။
-
မော်လမြိုင်ကျွန်းမြို့၌ လက်ရှိရွှေပေါက်ဈေးမှာ ၁၆ ပဲရည် တစ်ကျပ်သားလျှင် ငွေကျပ် ၉၈၆ဝဝဝ၊ ၁၅ ပဲရည်တစ်ကျပ်သားလျှင် ငွေကျပ် ၉၂၈ဝဝဝ ဈေးပေါက်နေပြီး ဒေသရွှေဆိုင် အများစုတွင် ၂ဝ၁၈ ခုနှစ် နှစ်ဆန်းပိုင်းမှ သြဂုတ်လအထိ ရွှေရောင်းအား တစ်ရက်လျှင် ငွေကျပ် သိန်း ၃၅ဝ မှ  သိန်း ၇ဝဝ အထိရှိခဲ့ကြောင်း  သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger