www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, August 2, 2018

သတိပြုဆင်ခြင်ဖွယ် မြေပြိုမှုအန္တရာယ်


ဆောင်းပါး ၂-၈-၂ဝ၁၈

ပြိုသောဖြစ်စဉ်များသည် ထိခိုက်ပျက်စီးမှု ဖြစ်နိုင်ခြေ အမြင့်မားဆုံးနှင့် ဆုံးရှုံးမှုအများဆုံး ဖြစ်သည်။ သဘာဝဘေး အန္တရာယ်များအနက် အဆိုးရွားဆုံးနှင့် ကြောက်စရာအကောင်းဆုံး ဖြစ်သော်လည်း မြေပြိုမှုတိုင်းကို သဘာဝဘေးဟူ၍ ပုံသေတွက်ဆ မရပေ။

မြန်မာနိုင်ငံ၌ နှစ်စဉ်မြေပြိုမှု အန္တရာယ်များ တွေ့ကြုံလေ့ရှိပြီး အထူးသဖြင့် မိုးများစွာရွာ သွန်းသည့်အချိန်တွင် ဖြစ်လေ့ရှိသကဲ့သို့ တခြားသော သက်ရောက်မှု အခြေအနေများ ကြောင့်လည်း မြေပြိုမှုဖြစ်ပွားနိုင်သည်။ ထို့ကြောင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက သဘာဝဘေးအန္တရာယ် များအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အပါအဝင် ဘေးအန္တရာယ် ဖြစ်ပွားမှုအပေါ် ကူညီကယ်ဆယ် ထူထောင်ရေး အစီအစဉ်များတွင် ဆုံးရှုံးမှုကြီးမားသော မြေပြိုသည့် ဘေးအန္တရာယ်ကို ကဏ္ဍတစ်ခုအနေဖြင့် ထည့်သွင်းထားသည်။

''သဘာဝကြောင့် ဖြစ်တာရှိသလို လူတွေကြောင့်ဖြစ်ရတဲ့ မြေပြိုမှုတွေလည်း ရှိပါတယ်။ လိုအပ်တဲ့ပြင်ဆင် ဆောင်ရွက်မှုတွေ၊ အသိပညာပေးမှု တွေသာရှိထားရင် ဘေးအန္တရာယ်တွေကနေ ကင်းဝေးစေမှာပါ''ဟု ဘူမိပညာရှင် ဒေါက်တာ ဦးသိန်းက ပြောသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ် ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့အပါအဝင် ဓာတ်သတ္တုများ တူးဖော်ရာ လုပ်ကွက်များနှင့် ရွှေတူးဖော်ရေး လုပ်ငန်းများ လုပ်ကိုင်ရာ လုပ်ကွက်များ၌ မြေပြိုမှုဖြစ်စဉ်များ တွေ့ကြုံလေ့ရှိသည်။မကြာသေးမီက ကချင်ပြည်နယ် ဖားကန့်၌ မြေပြိုမှုဖြစ်ပွားကာ လူတချို့ သေဆုံးခဲ့ပြီး မိုးကုတ်မြို့နယ်၌လည်း ဇွန်လအတွင်းက မြေပြိုမှုဖြစ်ပွားကာ လူငါးဦးသေဆုံးခဲ့ရသည်။ ထို့ပြင် ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့၌ ဖြစ်ပွားခဲ့သော မြေပြိုမှုအများ အပြားရှိခဲ့ပြီး ဇွန်နှင့်ဇူလိုင်လတို့အတွင်း တစ်နိုင်ငံလုံး၌ မြေပြိုမှုကြောင့် ပျမ်းမျှ လူ ၄ဝ ကျော် သေဆုံးခဲ့ရသကဲ့သို့ နေအိမ်၊အဆောက်အအုံများနှင့် သာသနိက အဆောက်အအုံ အများအပြား ထိခိုက်ပျက်စီးခဲ့ရသည်။ ထို့ပြင် ၂ဝ၁၇ ခုနှစ်မေလက မိုးများကာ ရန်ကုန်မြို့ မြေနီကုန်းရှိ Dagon Center အနောက်ဘက် ဘုန်းကြီးကျောင်း အုတ်တံတိုင်းပြိုကျ၍ မော်တော်ယာဉ်များအပေါ် ပိမိသည့်ဖြစ်စဉ်များလည်း ဖြစ်ပေါ်ခဲ့သည်။

အဆိုပါမြေပြိုမှု ဖြစ်စဉ်များသည် မြန်မာတစ်နိုင်ငံတည်း၌ တွေ့ကြုံနေရခြင်းမျိုး မဟုတ်ဘဲ ကမ္ဘာ့နိုင်ငံအသီးသီး၌ တွေ့ကြုံနေရသည့် ထိခိုက်ဆုံးရှုံးမှု များပြားသော ဖြစ်စဉ်တစ်ခုဖြစ်သည်။

''မြေကြီးရဲ့ သိပ်သည်းမှုအင်အားက တဖြည်းဖြည်း လျော့ကျလာပြီး မြေပြိုမှု ဖြစ်စေပါတယ်။ အဲဒီလို သိပ်သည်းမှု လျော့ကျစေတဲ့ အကြောင်းရင်းတွေထဲမှာ မိုးများတာကြောင့်လည်း ပါသလို ကျောက်မိုင်းခွဲတာ တို့အပါအဝင် သတ္တုတူးဖော်တဲ့လုပ်ငန်းတွေရဲ့ တုန်ခါမှုတွေကြောင့်သာမက တခြားအကြောင်းခြင်းရာတွေ ကြောင့်လည်း အနီးဝန်းကျင်တစ်ဝိုက်မှာ မြေပြိုမှုတွေဖြစ်စေ တတ်ပါတယ်။ သတိပြုဆင်ခြင်နိုင်မှု အားနည်းမယ်ဆိုရင် ထိခိုက်မှုအမြင့်မားဆုံး ဖြစ်နိုင်ပါတယ်'' ဟု ဒေါက်တာဦးသိန်းက ပြောသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနသည် မြေပြိုမှု အန္တရာယ်အတွက် သတိပေးချက်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက် ရှိပြီး ဇူလိုင် ၁၈ ရက်ကလည်း သတိပေးချက် တစ်ရပ် ထုတ်ပြန်ခဲ့သည်။

''မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မြစ်ချောင်းတွေအနီးမှာ ကမ်းပြိုမှုတွေ၊ မြေပြိုမှုတွေ အဖြစ်များတာကြောင့် လူသေဆုံး ထိခိုက်မှုတွေလည်း များလာတဲ့အတွက် အများပြည်သူ ဘေးအန္တရာယ် လျော့ပါးရေး သတိပေးချက်ကို ထုတ်ပြန်ရတာ ဖြစ်ပါတယ်''ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က ပြောသည်။

မြေပြိုမှု ဖြစ်စဉ်များကြောင့် ထိခိုက်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန် မိမိနေထိုင်ရာ ပတ်ဝန်းကျင်၌ ဆင်ခြေလျှောများရှိပါက လည်းကောင်း၊ ချောင်းစပ်၌နေထိုင်ပါက လည်းကောင်း မြေဆီလွှာထိန်းသိမ်း ကာကွယ်ရေးအတွက် အထောက်အကူပြုရန် သစ်ပင်များ စိုက်ပျိုးသင့်ပြီး မြေပြိုကျနိုင်သော တောင်စောင်းများ၌လည်း မြေထိန်းနံရံများ တည်ဆောက်ထားရန် လိုအပ်လှသည်။

တောင်ပေါ်ဒေသများ၌ နေထိုင်သူများ အနေဖြင့် ရွှေ့ပြောင်းတောင်ယာ စနစ်ဖြင့် စိုက်ပျိုးလုပ်ကိုင် နေမှုအစား လှေကားထစ် စိုက်ပျိုးရေးစနစ်သို့ ပြောင်းလဲကျင့်သုံးသင့်ပြီး သစ်တောထိန်းသိမ်းရေး လုပ်ငန်းများကို
စုပေါင်းလုပ်ကိုင်ခြင်း၊ ရပ်ရွာအစုအဖွဲ့ပိုင် သစ်တောများ ထူထောင်ခြင်း ကဲ့သို့လုပ်ငန်းများ လုပ်ကိုင်သင့်သည့်အပြင် တောင်ကုန်း၊ တောင်စောင်းများအနီး၌ နေထိုင်သူများ အနေဖြင့် မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်
တွင် မြေပြိုမှုဖြစ်နိုင်ခြေရှိ၊ မရှိနှင့် မိမိနေအိမ် အဆောက်အအုံ ကြံ့ခိုင်မှု ရှိ၊ မရှိတို့ကို ပုံမှန်စစ်ဆေးရမည် ဖြစ်သည်။

ထို့ပြင် မြေပြို၊ တောင်ပြိုမှုဖြစ်စဉ်များ ဖြစ်ပွားလေ့ရှိသော နေရာများကို ကြိုတင်လေ့လာထား၍ မြေပြိုမှုဘေးအန္တရာယ်ဆိုင်ရာ သတိပေးဆိုင်းဘုတ်များ စိုက်ထူခြင်း၊ အမှတ်အသားများ ပြုလုပ်ခြင်းတို့ လုပ်ကိုင်ရမည်ဖြစ်ပြီး ခရီးသွားလာနေစဉ် ကာလအတွင်း အဆိုပါဆိုင်းဘုတ် အမှတ်အသားများကို ကြည့်ရှုကာ သတိပြုသွားလာရမည် ဖြစ်သည်။ မတ်စောက်သော တောင်စောင်းများ၊ မြေပျော့သောနေရာများ၊ ရေဝပ်သောနေရာများ၊ တောင်စွယ်ရေစီးရာ လမ်းကြောင်းများ၊ မိုးရေတိုက်စားသော လျှိုအနီးတို့၌ မြေပြိုနိုင်သည့်အတွက် ဖြစ်နိုင်ပါက ယင်းနေရာများ၌ အဆောက်အအုံ တည်ဆောက်နေထိုင် ခြင်းမျိုးကို ရှောင်ကြဉ်သင့်ပေသည်။

''မိမိနေအိမ်တံခါးတွေ ဖွင့်ပိတ်ရ ကျပ်လာတာ၊ အိမ်ရဲ့အုတ်နံရံတွေ ကွဲအက်လာတာ၊ ခြံစည်းရိုးတွေ နေရာရွေ့လာတာ၊ သစ်ပင်တွေနေရာရွေ့လာတာ၊ စောင်းလာတာ၊ မြေကြီးတွေ အက်ကွဲကြောင်းဖြစ်တာ မျိုးတွေ တွေ့လာတဲ့အခါ သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ အကြောင်းကြားရမှာ ဖြစ်သလို မိမိတို့အနေနဲ့လည်း မြေပြိုမှု အန္တရာယ်မကြုံစေဖို့ အမြန်ဆုံးရွှေ့ပြောင်းနိုင်အောင် ပြင်ဆင်ဆောင်ရွက်ထားဖို့ လိုအပ်ပါတယ်'' ဟု သဘာဝဘေးကြိုတင် ကာကွယ်ရေး ပညာပေးလုပ်ငန်းများ လုပ်ကိုင်နေသည့် ဒေါက်တာထွန်းနိုင်က ပြောသည်။

မြေပြိုလေ့ရှိသည့် နေရာများ၌ နေထိုင်သူများအနေဖြင့် အရေးပေါ်ကြုံလာပါက ပြောင်းရွှေ့ရန် လမ်းကြောင်းများနှင့် မိသားစုဆုံရပ်တို့ကို ကြိုတင်မှတ်သား ထားရန်လိုအပ်ပြီး တောင်ကုန်း၊ တောင်စောင်းများအနီး နေထိုင်သူများအနေဖြင့် မိမိနေထိုင်ရာဒေသ၌ မိုးသည်းထန်စွာရွာ သွန်းခြင်း၊ ရေကြီးရေလျှံမှု ဖြစ်ပွားခြင်းနှင့် မြေငလျင်လှုပ်ခတ်ခြင်းတို့ ဖြစ်ပွားပါက မြေပြိုခြင်းဖြစ်စဉ် ကြုံလာနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။

ထို့ပြင် မြေပြိုမှုကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သည့် ရေလွှမ်းမိုးမှု ဖြစ်စဉ်များ၊ ရွှံ့နုန်းမြေများနှင့် မြေသားအစိုင်အခဲများ ပြိုကျစီးဆင်းလာနိုင်သည့် အခြေအနေ တို့ကိုလည်း သတိပြုရမည်ဖြစ်ပြီး ရေကိုကျိုချက်သောက် သုံးရမည်ဖြစ်သည်။။ မြေပြိုမှု ဖြစ်ပွားခဲ့သောနေရာများ၌ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရာတွင် ကျွမ်းကျင်ပညာရှင်များ၏ အကြံပြုချက်များနှင့် တာဝန်ရှိသူများ၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက် ရမည်ဖြစ်သည်။

ဘေးအန္တရာယ်ကျရောက်ပြီးနောက် ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ နို့တိုက်မိခင်များ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုနှင့် မသန်စွမ်းသူများကို အထူးဂရုပြု၍ ဦးစားပေး စောင့်ရှောက်မှုပေးရန် လိုအပ်မည် ဖြစ်သည်။

''မြေပြိုတတ်တဲ့ဒေသတွေမှာ နေထိုင်သူ တွေအနေနဲ့ ရေ၊ ဓာတ်ဆား၊ တာရှည်ခံ အစားအစာနဲ့ ဆေးဝါးပစ္စည်းတွေပါဝင်တဲ့ အရေးပေါ်တစ်ခါသုံး အိတ်တွေကို ပြင်ဆင်ထားနိုင်ဖို့ကလည်း အရေးကြီးပါတယ်'' ဟု ဒေါက်တာထွန်းနိုင် ကပြောသည်။

သဘာဝဘေးအန္တရာယ် မဖြစ်ပေါ်မီ အချိန်နှင့်နေရာကို အတိအကျကြိုတင် တွက်ဆနိုင်ခြင်း မရှိသော်လည်း အနီးစပ်ဆုံး တွက်ဆနိုင်သည့် ရေဒီယိုနှင့် ရုပ်မြင်သံကြားတို့မှ သတိပေးချက်များကို ဂရုပြု၍ ကြိုတင်ပြင်ဆင်ခြင်းဖြင့် ထိခိုက်ဆုံးရှုံးမှု နည်းပါးစေမည် ဖြစ်သည်။ ထို့ပြင် ကြိုတင် ပြင်ဆင်နိုင်သည့် အလေ့အကျင့်ကောင်းများကို မွေးမြူလေ့ကျင့်ခြင်းဖြင့် သဘာဝဘေးကြောင့် ဆုံးရှုံးမှုနည်းပါး နိုင်စေမည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရသည်။ ။

ထက်ခိုင် (စမ်းချောင်း)

မြ၀တီနေ့စဉ်သတင်းစာ စာ(၁၀)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger