နေပြည်တော် ၁၄-၈-၂ဝ၁၈
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ တောင်းရင်းအုပ်စု၊ ငလပွေ့ကျေးရွာအနီး ငလပွေ့ချောင်းအား ကာရံထားသည့် အလျား ပေ ၁၈၀၀၊ အမြင့် ၁၃ ပေ၊ ထု ၁၅ ပေခန့်ရှိ ရေငံ့တာတမံ ဒေသအခေါ် ကညင်တောကာရီ သည် ယနေ့နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် ပင်လယ်ဒီရေများမြင့်တက်လာကာ မြေသားတာပေါင်အား ဒီရေဖြတ်ကျော်ဝင်ရောက်ရာမှ ရေတိုက်စားမှုကြောင့် ပေ ၄၀ ခန့်ရှိ တာပေါင် ကျိုးပေါက်မှု ဖြစ်ပွားခဲ့သည်။
တာပေါင်ကျိုးပေါက်မှုကြောင့် ငလပွေ့ကျေးရွာအတွင်းသို့ ရေအနက် ၅ ပေ ရေပြင်ကျယ် ပေ ၂၀၀ ခန့်အထိ ရေ၀င်ရောက်ခဲ့မှုများဖြစ်ပွားခဲ့သဖြင့် ကျေးရွာရှိ အိမ်ခြေ ၇၆ လုံးမှ လူဦးရေ ၃၅၀ ဦးခန့်သည် ရေဘေး လွတ်ကင်းရာ ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက် သိမ်တောင်ဘုန်းတော်ကြီးကျောင်း၌ ပြောင်းရွှေ့ နေထိုင်လျက်ရှိသည်။
အဆိုပါကျိုးပေါက်နေသည့် တာတမံနေရာအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကျောက်ဖြူတပ်နယ်မှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ တာပေါင်ကျိုးပေါက်ရာ နေရာသို့ ပြန်လည်မြေဖို့ပြုပြင်ကာရံခြင်းလုပ်ငန်းများ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
#Themyawadydaily








No comments:
Post a Comment