www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 9, 2018

ပခုက္ကူချည်ထည်များကို ဂျပန်ဈေးကွက်က ကမ်းလှမ်းမှာယူမှုများရှိနေ



ပခုက္ကူ ၉-၇-၂ဝ၁၈

ယခုနှစ် ဇွန်လကုန်က ဂျပန်နိုင်ငံ၌ နှစ်ရက်ကြာ ကျင်းပခဲ့သော မြန်မာပွဲတော်တွင် ပခုက္ကူချည်ထည်များကို ခင်းကျင်းပြသခဲ့ပြီး ပြပွဲလာသူများ၏ နှစ်ခြိုက်တန်ဖိုးထားမှုများ ရရှိခဲ့ကာ ဂျပန်ဈေးကွက်တွင် တစ်ဆင့်ပြန်လည်ရောင်းချလိုသူများက ကမ်းလှမ်းမှာယူ မှုများရှိနေကြောင်း ပခုက္ကူမြို့ ဂဠုန်မင်းညီနောင် ချည်ထည်လုပ်ငန်းမှ သိရသည်။

"ပြခန်းကို စိတ်ဝင်တစား လာကြည့်ကြပါတယ်။ ချည်ထည်တွေလဲ ရောင်းခဲ့ရပါတယ်။ အော်ဒါတွေလဲ အများကြီးလက်ခံ ရရှိခဲ့ပါတယ်။ ဂျပန်လုပ်ငန်းရှင် သုံးယောက်ကအမြဲတမ်း ပို့ပေးဖို့ကမ်းလှမ်းပါတယ်။ ဂျပန်ဝန်ကြီးချုပ်ကတော်မဒမ် အာခိအဲအာဘေး လာကြည့်ပါတယ်။ တအား ကြိုက်တယ်လို့လဲ ပြောပါတယ်။ သူကိုယ်တိုင်လဲ ဝယ်သွားပါတယ်။ ပြန်ပြီး ရောင်းချလိုသူတွေက မြန်မာနိုင်ငံ ပြန်တဲ့အခါမှာ လေဆိပ်ထိလိုက်ပြီး ကမ်းလှမ်း တာတွေရှိခဲ့ပါတယ်" ဟု ပခုက္ကူမြို့ ဂဠုန်မင်းညီနောင် ကုမ္ပဏီလီမိတက် ဒါရိုက်တာ ဒေါ်နီလာက ပြောပြသည်။

မြန်မာနိုင်ငံ ဈေးကွက်နှင့် ယှဉ်ကြည့်လျှင် နှစ်ဆခန့် ဈေးပိုရသည့် အခြေအနေရှိနေပြီး လုံချည်ချုပ်ပြီး ပတ်ထဘီများ၊ ကူရှင်ကာဗာ၊ အိတ်နှင့် စားပွဲခင်းအတွက် ချည်ထည် အလွတ်များကို ဂျပန်ဈေးကွက်က ဝယ်ယူကြကြောင်း ၎င်းက ဆက်လက် ပြောပြသည်။

"SME ရှုထောင့်ကနေ ပြောမယ်ဆိုရင် SME လုပ်ငန်းသမားတွေ ဈေးကွက်ရပြီး ဖွံ့ဖြိုးတိုးတက် လာတဲ့အတွက် Supply Change တစ်လျှောက် ဖွံ့ဖြိုးလာမှာပါ။ ဥပမာ-ချည်ထည်လုပ်ငန်း မှာသူတို့ ဒေသကဝါစိုက်ပျိုးသူတွေ၊ ချည်မျှင်ထုတ်လုပ်တဲ့သူတွေ၊ အလုပ်သမားတွေ အားလုံးပါ"ဟု မကွေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ အသေးစားနှင့် အလတ်စားလုပ်ငန်း များဖွံ့ဖြိုးတိုးတက်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သိန်းက ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger