www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, July 3, 2018

မြန်မာနိုင်ငံတွင် အရှည်ဆုံးအင်ကြင်းကျောက် ပုပ္ပားတောင်ဒေသ၌ တွေ့ရှိ



ကျောက်ပန်းတောင်း ၃-၇-၂ဝ၁၈

အရှည်ပေ ၁၄ဝ ကျော်နှင့် လုံးပတ် ၁ဝ ပေကျော်ရှိသည့် မြန်မာနိုင်ငံတွင် အရှည်ဆုံး အင်ကြင်းကျောက်ကို ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ဒေသတွင် တွေ့ရှိခဲ့ကြောင်း ပုပ္ပားတောင် ချစ်သူများအသင်းထံမှ သိရသည်။

အဆိုပါ အင်ကြင်းကျောက်ကို ပုပ္ပားတောင်ချစ်သူများ အသင်းမှ အဖွဲ့ဝင် ဦးမောင်မောင်စိုးက စတင်တွေ့ရှိခဲ့ပြီး ယနေ့နံနက်ပိုင်းက ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေကို၊ ပုပ္ပားတောင် ချစ်သူများ အသင်းမှ အတွင်းရေးမှူး ဦးအောင်ဟိန်းတို့သွားရောက်၍ မြေပေါ်တွင်ပေါ်နေသည့် အင်ကြင်းကျောက်တွင် ဖုံးအုပ်နေသော ချုံနွယ်များကို ရှင်းလင်းခဲ့ကြောင်း သိရသည်။

"ဒီကျောက်ကြီးကို အရင်နှစ်ပတ်လောက်က ကိုမောင်မောင်စိုးက စတွေ့ခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်အရွယ် အစားရှိတယ်။ ဘယ်လိုပုံစံဆိုတာ အတိအကျမသိရ သေးပါဘူး။ နောက်ပြီး ဘယ်ကိုမှလဲ ပြောထားတာ မရှိသေးပါဘူး။ ဒီကျောက်နဲ့ ပတ်သက်ပြီး မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေရှိမှာ စိုးရိမ်လို့ပါ။ ဒီနေ့မှ လွှတ်တော် ကိုယ်စားလှယ်နဲ့ ကျွန်တော်တို့ ပုပ္ပားတောင် ချစ်သူများ အသင်းက အဖွဲ့တွေနဲ့သွားရောက်ပြီး ရှင်းစရာရှိတာရှင်းပြီး သေချာတိုင်းကြည့်မှ မြန်မာနိုင်ငံမှာ အရှည်ဆုံး အင်ကြင်းကျောက် ဖြစ်နေတာကို တွေ့ရပါတယ်"ဟု ပုပ္ပားတောင် ချစ်သူများအသင်း အတွင်းရေးမှူး ဦးအောင်ဟိန်းက ပြောပြသည်။

အဆိုပါ အင်ကြင်းကျောက်ကြီးမှာ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ကလပ်၏ အနောက်ဘက် ကိုးကွေ့ကြိုးဝိုင်းတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ပုပ္ပားတောင်ချစ်သူများ အသင်းအနေဖြင့် ၎င်းကျောက်ကြီးကို ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် အနီးအနားရှိ သံဘိုအနောက်ရွာမှ ဒေသခံများနှင့် တွေ့ဆုံ၍ ကျောက်ကြီး၏ တန်ဖိုးနှင့် မည်သို့ထိန်းသိမ်း ရမည်ကို ဆွေးနွေးခဲ့ ကြကြောင်း၊ ထိုသို့ထိန်းသိမ်းရာတွင် ဒေသခံများ၏ ပူးပေါင်းပါဝင်မှု အထူးလိုအပ် ကြောင်းကို သိရှိစေရန် ဆွေးနွေးတိုင်ပင် ခဲ့ကြကြောင်း သိရသည်။

၂ဝ၁၇ ခုနှစ်တွင် ပုပ္ပားတောင်ကလပ်၏ အနောက်ဘက် နှစ်မိုင်ကျော် အကွာတွင် အရှည် ၆၆ပေ၊ လုံးပတ် ငါးပေကိုးလက်မရှိ အင်ကြင်းကျောက် ကြီးကိုတွေ့ရှိ၍ ဒေသခံများနှင့် တူးဖော်ကာ ထိန်းသိမ်း ထားရှိကြောင်း၊ယခုတွေ့ရှိ သည့် အင်ကြင်း ကျောက်ကြီးကိုလည်း ပုံစံမပျက် မြေပေါ်တွင် ပေါ်နေသည့် အပိုင်းကို ဖုံးအုပ်နေသည့် သစ်ပင်ချုံနွယ်များ ခုတ်ထွင် ရှင်းလင်းထားပြီး UNESCO Global Geopark အဖြစ် အကောင်အထည် ပေါ်လာပါက ပြသ သွားနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဘူမိ ဗေဒအသင်း အနေဖြင့် ပုပ္ပားဒေသရှိ သစ်တော သယံဇာတ၊ ကျောက်ဖြစ် အမျိုးအစားများ၊ လက်မှုပညာများ၊ စိုက်ပျိုးရေးများ၊ သတ္တုများ၊ လူ့ယဉ်ကျေးမှုများ၊ မီးတောင်ဖြစ်စဉ်များ၊ ခရီးစဉ်များ၊ ရောင်းဝယ်ဖောက် ကားရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့်အချက်အလက်များကို UNESCO သို့ တင်ပြ၍ UNESCO အသိအမှတ်ပြု ယူနက်စကိုကမ္ဘာလုံးဆိုင်ရာ အမိကမ္ဘာစခန်းသာ(UNESCO Global Geopark) အဖြစ် ဖော်ဆောင်နိုင်ရန် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger