www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, July 3, 2018

မိုးသည်းထန်စွာ ရွာသွန်း၍ လုံးခင်းတံတား ရေကြီးရေလျှံ ခဲ့သဖြင့် အမှိုက်သရိုက်များ စုပေါင်းဆယ်ယူ



ဖားကန့် ၃-၇-၂ဝ၁၈

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၌ ဇူလိုင် ၁ ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ဥရုချောင်းရေကြီး ရေလျှံမှုဖြစ်ကာ လုံးခင်းတံတားပေါ် ရေကျော်ခဲ့သဖြင့် တံတားတွင် တင်ကျန်ရစ်သော အမှိုက်သရိုက်များ ရေစီးတွင် မျောပါခြင်း မဖြစ်စေရန် တာဝန်ရှိသူများက အချိန်မီစုပေါင်း ဆယ်ယူခဲ့ကြောင်း သိရသည်။

ဖားကန့်ဒေသ၌ ယခုနှစ်တွင် မိုးဦးစောပြီး ဇွန်လဆန်းပိုင်းမှ စတင်၍ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီး ရေလျှံမှုသုံးကြိမ်ခန့် ဖြစ်ပေါ်ခဲ့ကြောင်း၊ ဇူလိုင် ၁ ရက်တွင် ဥရုချောင်းဖျားဒေသ၌ မိုးသည်းထန် ရွာသွန်းခဲ့သဖြင့် ယနေ့ နံနက်ပိုင်းတွင် ဖားကန့်မြို့နယ်၌ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ရာ လုံးခင်းသံပေါင် ဘေလီတံတားတွင် အမှိုက်သရိုက်များ ဖုံးအုပ်၍ တံတားပေါ်သို့ ရေကျော်မှု ဖြစ်ပေါ်ခဲ့ကြောင်း၊ အဆိုပါ တံတားမပျက်စီးစေရန်နှင့် ရေစီးအတွင်း မျောပါခြင်းမှ ကာကွယ်ရန်အတွက် လုံးခင်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၊ ဒေသအရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေး အသင်းအဖွဲ့များ၊ ဒေသခံများ စုပေါင်းကာ ရေတွင်မျောပါလာသော အမှိုက်သရိုက်များကို စုပေါင်းဆယ်ယူ ခဲ့ကြသည်။

"မနေ့ညက မိုးသည်းထန်စွာ ရွာခဲ့လို့ ဥရုချောင်းဖျားက မျောပါလာတဲ့ ဒိုက်တွေ၊ အမှိုက်တွေကို ကြိုးစားဆယ်ယူ ခဲ့ပါတယ်။ ဒီတံတား ရေထဲမျောပါမသွားအောင် မနက် ၉ နာရီကတည်းက တစ်နေကုန်အောင် စောင့်ကြည့်ပြီး အမှိုက်တွေကို ဆယ်ယူခဲ့ပါတယ်"ဟု လုံးခင်းကျေးရွာ ဒေသအရန် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောပြသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖားကန့်-ကာမိုင်းလမ်းပိုင်းတွင် အတက်အဆင်း မော်တော်ယာဉ်များ တစ်ရက်ရပ်နားခဲ့ရပြီး လုံးခင်းမြို့တွင်းနှင့် ဖားကန့် မြို့ပေါ်ရပ်ကွက်များ ဖြစ်သည့် မြို့မရပ်ကွက်၊ ငှက်ပျောတောရပ်ကွက်၊ မရှီကထောင် ရပ်ကွက်တို့တွင် ရေအနက် ခြောက်ပေမှ ၁ဝ ပေကျော်ထိ ရေဝင်ရောက်မှုရှိခဲ့ရာ သွားလာမှု အဆင်ပြေစေရန်အတွက် စက်လှေများ၊ လှေငယ်များဖြင့် သယ်ယူပို့ဆောင် ခဲ့ရကြောင်း၊ ဖားကန့်မြို့နယ် အုပ်ချုပ်ရေမှူးနှင့် တာဝန်ရှိသူများက ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger